နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံတွင် အစားအစာလေလွင့်မှု လျှော့ချရန် ပန်းကန်ပြောင်အောင်စားရေး လှုပ်ရှားမှုစတင်

ဘေဂျင်း    ဩဂုတ်    ၁၃


တရုတ်နိုင်ငံ၏ အစားအစာ လေလွင့်မှုပမာဏမှာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က မှတ်ချက်ပေးခဲ့ပြီးနောက် တရုတ်အစိုးရက အစားအစာ လေလွင့်မှုလျှော့ချရေး စည်းမျဉ်းများ တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါက အစားအစာလေလွင့်မှုကို အချက်ပေးခေါင်းလောင်း ထိုးခဲ့သည်ဟု ရှီကျင့်ဖျင်က ပြောခဲ့ပြီးနောက် တရုတ်နိုင်ငံတွင် ''ပန်းကန်ပြောင်စင်အောင်စားရေး လှုပ်ရှားမှု'' ဖြစ်ပေါ်လာခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် စားနပ်ရိက္ခာဖူလုံရေးနှင့်ပတ်သက်၍ အကျပ်အတည်းကြုံရနိုင်သည် ဆိုသည့်အတွေးကို မပြတ်တမ်းတွေးထားသင့်ကြောင်း မမေ့သင့်ဟု ရှီကျင့်ဖျင်က ဆိုသည်။ 


တရုတ်နိုင်ငံတောင်ပိုင်းတွင် ရက်သတ္တပတ်ပေါင်းများစွာ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့၍ စိုက်ခင်းများ ပျက်စီးပြီး စားနပ်ရိက္ခာတန်ချိန်ပေါင်းများစွာ ဆုံးရှုံးခဲ့ပြီးနောက် ရှီကျင့်ဖျင်က ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် စားနပ်ရိက္ခာ အကျပ်အတည်း ကြုံရမည်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် အခြေအနေ ပိုဆိုးနိုင်သည်ဆိုသော သတင်းများမှာ မီဒီယာများ၏ ပုံကြီးချဲ့ ဖော်ပြမှုများ ဖြစ်သည်ဟု တရုတ်နိုင်ငံပိုင် Global Times သတင်းဌာနက မှတ်ချက်ပေးခဲ့သည်။ ထို့အပြင် အွန်လိုင်းပေါ်တွင် အစားအစာအများအပြား စားပြနေသူများကိုလည်း ဝေဖန်သွားခဲ့သည်။

 

သမ္မတရှီကျင့်ဖျင်က ယခုကဲ့သို့ ပြောခဲ့ပြီးနောက် ဝူဟန်မြို့စားသောက်ကုန်လုပ်ငန်းအစည်းအရုံးက ဝူဟန်မြို့ရှိ စားသောက်ဆိုင်များအနေဖြင့် ဧည့်သည်များအတွက် တည်ခင်းပေးသည့် ဟင်းပွဲပမာဏကို ကန့်သတ်ကြပြီး လူအရေအတွက်ထက် ဟင်းပွဲတစ်ပွဲ လျှော့မှာရမည့်စနစ် ကျင့်သုံးရန် တိုက်တွန်းခဲ့သည်။ N-1ဟု အမည်ပေးထားသည့်စနစ်အရ လူ ၁၀ ယောက်ပါဝင်သည့် အဖွဲ့တစ်ဖွဲ့အနေဖြင့် ဟင်းပွဲ ၉ ပွဲသာ မှာယူနိုင်မည်ဖြစ်သည်။ သို့သော် အမှန်တကယ် လိုအပ်သည့်ပမာဏထက် ပိုမိုမှာယူပေးခြင်းမှာ ယဉ်ကျေး ပျူငှာရာရောက်သည်ဟု သတ်မှတ်ထားသည့် တရုတ်နိုင်ငံတွင် အဆိုပါစနစ်ကို အကောင်အထည်ဖော်ရန် အချိန်ကြာမြင့်ဖွယ်ရှိသည်။ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရန်ပုံငွေအဖွဲ့ (WWF China)၏ ဖော်ပြချက်အရ ၂၀၁၅ ခုနှစ်အတွင်း တရုတ်နိုင်ငံတွင် လေလွင့်သည့်အစားအစာ တန်ချိန် ၁၇ သန်းမှ ၁၈ သန်းကြားရှိသည်ဟု သိရသည်။     


KNT






အခြားဆက်စပ်သတင်းများ