ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီလက်အောက်ရှိ ဈေးပေါင်း(၁၈၃)ဈေးတွင် COVID - 2019 ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မိမိကစတင်ကာ ကိုယ့်အစီအစဉ်ဖြင့်ကိုယ် ဆောင်ရွက်မည်ဆိုလျှင် ရောဂါပိုးကူးစက်မှုကြောက်လန့်စရာမလို ဟု ရန်ကုန်အနောက်ပိုင်းခရိုင်ဈေးများဌာန ခရိုင်မှူး ဦးမောင်မောင်ဌေး က ပြောသည်။ "ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင် ဈေးပေါင်း (၁၈၃)ဈေးရှိတယ်။ အားလုံးသောဈေးတွေကတော့ သူ့ အစီအစဉ်နဲ့သူ အနှံ့အပြားမှာ နိုင်ရာနိုင်ရာ သန့်ရှင်းရေးနဲ့ COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းတွေကို လုပ်နေကြပါတယ်။ ဒီလို ဈေးတွေမှာ သန့်ရှင်းဖို့နဲ့ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေအဖြစ် သား၊ငါးတွေ ထိခိုက်မှုမရှိအောင်နဲ့ ဈေးခုံတွေ စဉ်းတီတုံး၊ ဓားနဲ့ အခင်းတွေကို ကလိုရင်းဆေးရည်ဖျန်းတာတွေ၊ ဈေးမှာ လူဝင်/ထွက် အပူချိန်တိုင်းတာတွေနဲ့ လက်ဆေးတဲ့အလေ့အထတွေကို တွင်တွင်ကျယ်ကျယ် ဆောင်ရွက်ဖို့ကိုလည်း သက်ဆိုင်ရာမြို့နယ်တွေက အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းတွေရော အားလုံးပါဝင်ပြီး ဆောင်ရွက်နေကြပါတယ်။ ဒါကို ဈေးတိုင်းဈေးတိုင်းမှာ ဒါမျိုးတွေ လုပ်သွားမယ်ဆိုရင် ဘယ်ရောဂါမှ ကြောက်လန့်နေစရာမလိုပါဘူး"ဟု ရန်ကုန်အနောက်ပိုင်းခရိုင်ဈေးများဌာန ခရိုင်မှူး ဦးမောင်မောင်ဌေးက ထပ်မံပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငါးဈေးကြီးများတွင် ရောင်းဝယ်ဖောက်ကားနေသော ငါးဒိုင်များကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ရေး စည်းကမ်းချက်များ အတိုင်း လိုက်နာဆောင်ရွက်ရန် နှိုးဆော်ထားပြီး လိုက်နာမှုမရှိသော ငါးဒိုင်များကို ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ (မင်းခ)