ဝယ်လင်တန်၊ ဩဂုတ် ၁၂
၁၀၂ ရက်တိုင်တိုင် ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှုမရှိခဲ့သည့် နယူးဇီလန်နိုင်ငံတွင် ကိုဗစ်လူနာသစ် ၄ ဦး တွေ့ရှိခဲ့ပြီးနောက် အကြီးဆုံးမြို့ကို ပိတ်ဆို့မှု ပြန်လုပ်ခဲ့သည်။ ကိုဗစ်လူနာသစ်များ တွေ့ရှိခဲ့ပြီးနောက် နယူးဇီလန်နိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်သည့် အုတ်ကလန်မြို့ကို ၃ ရက်ကြာ ပိတ်ဆို့လိုက်ခြင်းဖြစ်သည်။ လူနာသစ် ၄ ဦးလုံးမှာ မိသားစုတစ်စုတည်းမှ ဖြစ်သည်။ ယင်းတို့အားလုံးမှာ မကြာသေးမီအချိန်အတွင်း ခရီးသွားလာခဲ့ခြင်း မရှိပေ။ သြဂုတ်လ ၁၂ ရက်ကစ၍ လူဦးရေ ၁ ဒသမ ၆ သန်းနီးပါး နေထိုင်သည့် အုတ်ကလန်မြို့တွင် တတိယအဆင့် ပိတ်ဆို့မှုစတင်အကျုံးဝင်မည်ဖြစ်သည်။
လက်ရှိအချိန်တွင် အာဏာပိုင်များက အဆိုပါမိသားစုနှင့် ထိတွေ့မိသူများကို ခြေရာခံရန် တက်သုတ်ရိုက် ကြိုးပမ်းနေသည်။ အုတ်ကလန်မြို့တွင် နေထိုင်သူများကို အိမ်ပြင်မထွက်ကြရန် ညွှန်ကြားထားပြီး မဖြစ်မနေ မလိုအပ်သည့် စီးပွားရေးလုပ်ငန်းများကိုလည်း ပိတ်ပစ်မည်ဖြစ်သည်။ ထို့အပြင် စုဝေးပွဲများကိုလည်း ပိတ်ပင်ထားသည်။
နယူးဇီလန်တစ်နိုင်ငံလုံးတွင်လည်း တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရမည့် ကန့်သတ်ချက်များကို ပြန်လည် ချမှတ်ခဲ့သည်။ ကိုဗစ်လူနာသစ်များ တွေ့ရှိခဲ့ပြီးနောက် နယူးဇီလန်ဝန်ကြီးချုပ် ဂျေစင်ဒါအာဒန်က လွှတ်တော် ဖျက်သိမ်းမည့်ကိစ္စကို ရွှေ့ဆိုင်းလိုက်သည်။ သို့သော် စက်တင်ဘာလ ၁၉ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမည် ဟုတ်၊ မဟုတ်ဆိုခြင်းကို မဆုံးဖြတ်ရသေးကြောင်း ဂျေစင်ဒါအာဒန်က ပြောသည်။ ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်တိုက်ဖျက်ရာတွင် အောင်မြင်မှုရခဲ့သည့် နိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရသည့် နယူးဇီလန်နိုင်ငံတွင် ရောဂါကူးစက်ခံရသူ ၁၂၂၀ ရှိပြီး လူ ၂၂ ဦး သေဆုံးခဲ့သည်။
KNT