ရန်ကုန်၊ ဩဂုတ် ၁၁
အဘိုး၊ အဘွား၊ မိခင်၊ ဖခင်များနှင့် သားသမီးမြေးမြစ်များ အတူတကွ ချစ်ချစ်ခင်ခင်နေထိုင်ခြင်း၊ အဘိုး၊ အဘွား၊ မိဘတို့ကို သားသမီး မြေးမြစ်များက ရိုသေလေးစားခြင်း၊ ဦးထိပ်ပန်ဆင်ခြင်း၊ ကျေးဇူးဆပ်ခြင်း ပြန်လည်ပြုစုစောင့်ရှောက်ခြင်းစသည့် ဓလေ့စရိုက်များသည် မြန်မာတို့၏ မယိုင်မလဲခိုင်မြဲလျက်ရှိသော ဓလေ့စရိုက်ပင်ဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံဖြစ်သော လက်ရည်တပြင်တည်းနေထိုင်ကြသည့် မိသားစုပုံသဏ္ဌာန်မပျက်ယွင်းရန် ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။
ထိုကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် သက်ရှည်ကျန်းမာစွာ အနာရောဂါကင်းရှင်းရေး သတိပြုနေထိုင်ခြင်းသည် အဓိကကျသည်။ ကျန်းမာရေးနှင့်ပတ်သက်လာလျှင် ရောဂါမဖြစ်မီ ကြိုတင်ကာကွယ် ခြင်းက ကုသခြင်းထက် ပို၍ကောင်းမွန်သည်ကို လူတိုင်းသိကြသည်။ မိမိတို့၏ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရေး အတွက် နေ့စဉ်လှုပ်ရှားမှုပုံစံများနှင့် ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်နေထိုင်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ဂရုပြုဆောင်ရွက်ခြင်း၊ ဆေးလိပ်ဆေးရွက်ကြီး၊ အရက်မူးယစ် ဆေးဝါးတို့ကို ရှောင်ကြဉ်ခြင်း၊ အသက်အရွယ်အလိုက် သင့်တင့်မျှတသည့် ကိုယ်လက်လှုပ်ရှားမှု နေ့စဉ် ဆောင်ရွက်ခြင်းတို့ကိုပြုခြင်းဖြင့် ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာနိုင်ကြမည်ဖြစ်သည်။
လူတစ်ဦးတစ်ယောက်ရောဂါဖြစ်ခြင်းအကြောင်းအရင်းကို ဆန်းစစ်သော် အစားအသောက်ကြောင့် ရောဂါဖြစ်ရခြင်း၊ ကူးစက်ရောဂါများကြောင့် ရောဂါဖြစ်ရခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းစသည့် အချက် သုံးချက်ပင်ဖြစ်သည်။ အစားအသောက်များကို အလွန်အကျွံစားသောက်ခြင်း၊ အဆီ၊ အအိမ့်၊ အချို၊ အငန်များ သော အစားအစာများကို စားသောက်ခြင်း၊ လူ၏ခန္ဓာကိုယ်အာဟာရမျှတစွာ မှန်ကန်စွာဖြည့်တင်းပေးပါက ကျန်းမာခြင်းကိုဖြစ်ပေါ်စေသည်။
ရာသီဥတုအပြောင်းအလဲတွင် ကူးစက်တတ်သောရောဂါများ ကူးစက်ခံရခြင်းကြောင့် နာမကျန်း ဖြစ်ရခြင်း ဖြစ်ပေါ်လာနိုင်၏။ ဥပမာ တုပ်ကွေး၊ သွေးလွန်တုပ်ကွေး၊ ဂျပန်ဦးနှောက်အမှေးရောင်ရောဂါ၊ ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်တတ်သော ဘက်တီးရီးယားရောဂါနှင့် ဗိုင်းရပ်စ်ပိုးများကြောင့် ရောဂါ ကူးစက်ခြင်းဖြစ်သည်။ တစ်ဖန် အထိုင်များခြင်း၊ အအိမ့်များခြင်းကြောင့် လူကိုဝဖြိုးစေနိုင်သည်။ ကိုယ်လက်လှုပ်ရှားမှုနည်းပါးလျှင် ခန္ဓာကိုယ်ဆူဖြိုးလာပြီး အဝလွန်ခြင်းသို့ရောက်ရှိလာနိုင်ပေရာ ကိုယ်လက်လှုပ်ရှားမှု အားကစားပြုလုပ်ခြင်းဖြင့် ပိုလျှံသောကယ်လိုရီများ ဖယ်ရှားပစ်နိုင်၍ ကျန်းမာခြင်းကိုအထောက်အပံ့ ပြုနိုင်သည်။
ကျန်းမာ၍ အသက်ရှည်အနာမဲ့စေလိုလျှင် ဖော်ပြပါအချက်သုံးချက်ကို သတိပြုလိုက်နာဆောင်ရွက်ခြင်းဖြင့် မိသားစုလက်ရည်တပြင်တည်း နေထိုင်ပြုစုစောင့်ရှောက် ရိုင်းပင်းကူညီသည့် မြန်မာဓလေ့မိသားစုပုံသဏ္ဍာန်ကို ဆောင်ကြဉ်းသွားနိုင်မည်ဟု ဆိုချင်ပါကြောင်း။ ။