ဝါရှင်တန် ဩဂုတ် ၁၁
ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ သန်း ၂၀ ကျော် ရှိလာခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထားသည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူမှာလည်း ၇၃၆၀၀၀ ကျော် ရှိလာခဲ့သည်။ ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်နေရသည့် အမေရိကန်နိုင်ငံ၌ ကူးစက်ခံရသူ ၅ သန်းရှိနေသည်။ အမေရိကန်၏နောက် ဒုတိယနေရာတွင် ရပ်တည်နေသည့် ဘရာဇီးနိုင်ငံတွင် ကူးစက်ခံရသူ ၃ သန်း၊ အိန္ဒိယနိုင်ငံတွင် ကူးစက်ခံရသူ ၂.၂ သန်း၊ ရုရှားနိုင်ငံတွင် ကူးစက်ခံရသူ ၉၀၀၀၀၀ နီးပါး ရှိနေပြီး တောင်အာဖရိကတိုက်တွင် ကူးစက်ခံရသူ ၅၆၀၀၀၀ ရှိသည်။
ပြီးခဲ့သည့်မေလမှ ဇွန်လအတွင်း ကူးစက်ခံရသူ ၅ သန်းမှ ၁၀ သန်းအထိ မြင့်တက်လာခဲ့ရာ ၃၈ ရက်ကြာမြင့်ခဲ့သော်လည်း ကူးစက်ခံရသူ ၁၀ သန်းမှ ၁၅ သန်းအထိ မြင့်တက်လာရာတွင် ၂၄ ရက်သာ ကြာမြင့်ခဲ့သည်။ ၂၀၁၉ ခုနှစ်နှောင်းပိုင်းက တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပျံ့နှံ့ခဲ့ပြီး မတ်လ ၁၁ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ကြေညာခဲ့သည်။
KNT