နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဧည့်သည်အမျိုးသမီး၏ ဆံပင်ကို နမ်းခဲ့သည့် ဝက်ဝံနက်လေး သင်းကွပ်ခံရ၍ ဒေသခံများ ဒေါသထွက်နေ

မက္ကဆီကိုစီးတီး    ဩဂုတ်    ၁၁


သဘာဝဥယျာဉ်တွင် ဧည့်သည်အမျိုးသမီးတစ်ဦး အနားကပ်ပြီး ဆံပင်ကို နမ်းခဲ့သည့် ဝက်ဝံနက်ကို ဖမ်းဆီး၊ သင်းကွပ်ခဲ့သည့်လုပ်ရပ်ကြောင့် မက္ကဆီကိုနိုင်ငံတွင် မကျေနပ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ ခန္ဓာကိုယ်အလေးချိန် ၂၁၂ ပေါင်ရှိသည့် ဝက်ဝံနက်လေးမှာ ချီပင်ကေးဥယျာဉ်ထံ အလည်အပတ်လာရောက်သူများအတွက် အန္တရာယ် ဖြစ်စေနိုင်သည်ဟု ယူဆခြင်းကြောင့် ဖမ်းဆီးခဲ့ခြင်းဟု သဘာဝဥယျာဉ်တာဝန်ရှိသူများက ပြောသည်။ 


ပြီးခဲ့သည့်လက အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့သည့် ဗီဒီယိုတွင် ဝက်ဝံနက်လေးက ယင်း၏ပုံပါအောင် ဆယ်ဖီ ရိုက်နေသည့် အမျိုးသမီးအနားကပ်သွားပြီး ဆံပင်ကို နမ်းခဲ့ခြင်းဖြစ်သည်။ ချီပင်ကေးဥယျာဉ်နှင့် အနီးပတ်ဝန်းကျင် ဒေသများတွင်လည်း အဆိုပါဝက်ဝံလေးနှင့် လူသားများ အနီးကပ်ထိတွေ့မှု ရှိခဲ့သည်ဟု အရာရှိများက ပြောသည်။ လူများကို တိုက်ခိုက်မှုလုပ်သည့်ဖြစ်ရပ်မျိုး ကြုံခဲသော်လည်း မြောက်အမေရိက တိုက်တွင် ဝက်ဝံနက်တိုက်ခိုက်မှုကြောင့် ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် လူတစ်ဦးသေဆုံးခဲ့သည်ဟု ဝက်ဝံသုတေသန သိပ္ပံပညာရှင် ဒေ့ဗ်ဂါရှီလစ်က ပြောသည်။ ဝက်ဝံများမှာ ရံဖန်ရံခါတွင် စိတ်ရိုင်းဝင်ကာ ရန်မူတတ်ပြီး ခန့်မှန်း မရသည့် အပြုအမူမျိုးရှိသည်ဟု သားရဲတိရစ္ဆာန်ကျွမ်းကျင်ပညာရှင်များက သတိပေးထားသည်။


ယင်းနေထိုင်သည့် သဘာဝဥယျာဉ်အမည်ကို အစွဲပြုပြီး ချီပီဟု အမည်ပေးထားသည့် ဝက်ဝံနက်လေးမှာ ယဉ်ပါးသည့်ဝက်ဝံလေးဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။ ဝက်ဝံနက်လေးက ဥယျာဉ်နားရှိ အိမ်တစ်လုံး၏ နောက်ဖေးဘက်တွင် အိပ်စက်နေစဉ် မက္ကဆီကိုနိုင်ငံ ပြည်ထောင်စု သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအေဂျင်စီ (Profepa) ၏ အရာရှိများက ဝက်ဝံနက်လေးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထို့နောက်တွင် နျူဗိုလီယွန်တက္ကသိုလ်ရဲ့ တိရစ္ဆာန်ကုဆရာဝန်များက ဝက်ဝံနက်လေး၏ သွားလာလှုပ်ရှားမှုများကို ခြေရာခံနိုင်မည့် ရေဒီယိုလည်ပတ် တပ်ဆင်ပေးခဲ့ကာ သင်းကွပ်ခဲ့သည်။ ယခုအချိန်တွင် သင်းကွပ်ခဲ့သည့် လုပ်ရပ်ကို Profepa က စုံစမ်းစစ်ဆေးနေသည်။ ဝက်ဝံနက်လေးကို ချီဟွာဟွာပြည်နယ်၏ ဆီရီရာဒီနီဒိုတောင်တန်းများဆီ လွှတ်ပေးသည့်အခါ တခြားဝက်ဝံများနှင့် သတ်ပုတ်တာမျိုးမဖြစ်အောင် သင်းကွပ်ပေးရန် Profepa ၏ သားရဲ တိရစ္ဆာန်ထိန်းသိမ်းရေး ညွှန်ကြားရေးမှူးချုပ် ပရီတိုက အကြံပေးခဲ့သည်။


ဝက်ဝံနက်လေးကို သင်းကွပ်ပြီး ချီဟွာဟွာပြည်နယ်ကို ပို့ဆောင်မည့် အစီအစဉ်ကြောင့် ဝက်ဝံနက်လေး ကျက်စားခဲ့ရာ နျူဗိုလီယွန်ပြည်နယ် ဒေသခံများက ဒေါသထွက်နေကြသည်။ ဝက်ဝံနက်လေးနှင့် ဆယ်ဖီရိုက်ချင်၍ အစားအစာများနှင့် မျှားခေါ်ခဲ့ကြသည့် သဘာဝဥယျာဉ်လာ ဧည့်သည်များ၊ လမ်းပြများ၏ ပယောဂကြောင့် ယခုကဲ့သို့ ဖြစ်ရခြင်းဟု အချို့လူများက လူမှုကွန်ရက်ပေါ်တွင် မှတ်ချက်ပေးခဲ့ကြသည်။                             


KNT






အခြားဆက်စပ်သတင်းများ