နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိမ်ဖြူတော်အနီးတွင် ပစ်ခတ်ဖမ်းဆီးမှုဖြစ်ခဲ့၍ ဒေါ်နယ်ထရမ့်ကို စာနယ်ဇင်းရှင်းလင်းပွဲမှ ခေါ်ထုတ်ခဲ့ရ

ဝါရှင်တန်    ဩဂုတ်    ၁၁


အိမ်ဖြူတော်အနီးတွင် လက်နက်ကိုင်ထားသည့် သံသယရှိသူတစ်ဦးကို လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး ခဲ့ခြင်းကြောင့် စာနယ်ဇင်းရှင်းလင်းပွဲလုပ်နေသည့် အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့်ကို စင်ပေါ်မှ ခေါ်ထုတ်ခဲ့ရ သည်။ ပြီးခဲ့သည့်တနင်္လာနေ့တွင် ဒေါ်နယ်ထရမ့်က သတင်းထောက်များ မေးမြန်းမှုကို ဖြေဆိုနေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက စင်ပေါ်တက်လာပြီး ဒေါ်နယ်ထရမ့်ကို တီးတိုးပြောခဲ့သည်။ လုံခြုံရေး တပ်ဖွဲ့ဝင်၏ တီးတိုးစကားကို ကြားချိန်တွင် ဒေါ်နယ်ထရမ့်က '' အိုး . . . ဘာဖြစ်တာလဲ''ဟု ပြောကာ စာနယ်ဇင်း ရှင်းလင်းပွဲအခန်းထဲမှ ထွက်သွားခဲ့သည်။ ပစ်ခတ်ဖမ်းဆီးမှုဖြစ်ပွားနေချိန်တွင် အိမ်ဖြူတော်တစ်ခုလုံးကိုလည်း ပိတ်ဆို့ထားခဲ့သည်။


အိမ်ဖြူတော် မြက်ခင်းပြင်တွင် အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ထားပြီး မောင်းပြန်ရိုင်ဖယ်များ ကိုင်ဆောင် ထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အပြေးအလွှားလှုပ်ရှားပြီး သစ်ပင်များ၏ အနောက်ဘက်တွင် နေရာယူထား ကြောင်း တွေ့ရသည်။ စာနယ်ဇင်းရှင်းလင်းပွဲအခန်းအပြင်ဘက်တွင် ကင်မရာအဖွဲ့သားများ ရှိသည့် Fox News သတင်းဌာနက ပစ်ခတ်သံနှစ်ချက်ကြားရသည်ဟု ဖော်ပြထားသည်။


ဒေါ်နယ်ထရမ့်မှာ ၉ မိနစ်အကြာတွင်  စာနယ်ဇင်းရှင်းလင်းပွဲအခန်းထဲ ပြန်ရောက်လာပြီး လက်နက်ကိုင် ထားသည့် သံသယရှိသူတစ်ဦးကို အမေရိကန်လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဟု သတင်းထောက်များကို ပြောခဲ့သည်။ အဆိုပါဖြစ်ရပ်အပြီးတွင် သံသယရှိသူကို ဆေးရုံပို့ခဲ့သည်ဟု ဒေါ်နယ်ထရမ့်က ဆိုသည်။ ဒေါ်နယ်ထရမ့်က လုံခြုံရေးတပ်ဖွဲ့၏ ပရော်ဖက်ရှင်နယ်ပီသသည့် လှုပ်ရှားမှုကိုလည်း ချီးကျူးခဲ့သည်။ အိမ်ဖြူတော် နှင့် တစ်လမ်းကျော်ကွာဝေးသည့် ၁၇ လမ်းနှင့် ပင်ဆယ်ဗေးနီးယားလမ်းမကြီးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု လုံခြုံရေးတပ်ဖွဲ့က တွစ်တာပေါ်တွင် အတည်ပြုခဲ့သည်။                                                                      


KNT






အခြားဆက်စပ်သတင်းများ