မန္တလေး ဩဂုတ် ၈
မန္တလေးမြို့ ရွှေဈေးကွက်တွင် သြဂုတ် ၈ ရက်ဈေးဖွင့်ချိန်တွင် တစ်ကျပ်သားကျပ် ၁၃၂၇၀ဝ၀ အထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ ရွှေ ထွက်ရာဒေသများဖြစ်သော သပိတ်ကျင်း၊ ရမည်းသင်းမြို့နယ်များတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးမှုများဖြစ်ပေါ်ခြင်း၊ ဒေါ်လာလဲလှယ်နှုန်းမြှင့်တက်နေခြင်း၊ ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်နေခြင်းကြောင့် ရွှေဈေးများ မြင့်တက်လျက်ရှိသည်။
သြဂုတ်လအတွင်း အခေါက်ရွှေတစ်ကျပ်သားကျပ် ၁၃ သိန်းအောက် ပြန်ကျရန်မဖြစ်နိုင်သေးကြောင်း မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။ ရွှေဈေးအမြင့်ဆုံးရောက်ရှိသွားသောကြောင့် အရောင်းအဝယ်ပါးသွားပြီး ရွှေစုဆောင်းထားသူအချို့မှာလည်း အခေါက်ရွှေဈေးကျပ် ၁၃ သိန်းကျော်ရောက်ရှိလာသဖြင့် ပြန်လည်ထုတ်ရောင်းချသူ များပြားလျက်ရှိကြောင်း မန္တလေးမြို့ ရွှေအရောင်းအဝယ်ဈေးကွက်မှ သိရသည်။ သြဂုတ် ၈ ရက်၊ နံနက် ၇ နာရီ ရွှေအဖွင့်ဈေးအခေါက်ရွှေတစ်ကျပ်သား ၁၃၂၇၀ဝ၀ကျပ်၊ ၁၅ ပဲရည် ၁၂၄၈၅၀ဝ ကျပ်၊ ဒင်္ဂါး ၁၁၉၄၀ဝ ကျပ်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်ထရိုင်အောင်စ ၁၈၇၆ ဒေါ်လာ၊ ငွေလဲနှုန်းမှာတစ်ဒေါ်လာ ၁၃၉၅ ကျပ်ဖြစ်ကြောင်း သိရသည်။
မောင်ပြည်သူ(မန္တလေး)