ဩဂုတ် ၈
အာဆီယံဒေသတွင်းအဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ ဆူဇူကီးဖလားပြိုင်ပွဲအပါအဝင် ယခုနှစ်အတွင်းကျင်းပမယ့် အာဆီယံဘောလုံးပြိုင်ပွဲအားလုံးကို ၂၀၂၁ ခုနှစ်သို့ ရွှေ့ဆိုင်းလိုက်ကြောင်း အာဆီယံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ အာဆီယံနိုင်ငံတွေမှာ COVID-19 ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ခြင်းမရှိတဲ့အတွက် ယခုနှစ် ကုန်ပိုင်းတွင် ကျင်းပရန်စီစဉ်ထားတဲ့ ဘောလုံးပြိုင်ပွဲများကိုရွှေ့ဆိုင်းရန် အာဆီယံဘောလုံးအဖွဲ့ချုပ်က အတည်ပြုထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။ ကစားသမား၊ နည်းပြ၊ ပရိသတ်နဲ့ ပြိုင်ပွဲတာဝန်ရှိသူများရဲ့ ကျန်းမာရေး၊ လုံခြုံရေးစိတ်ချရမှုအပေါ်မူတည်ပြီး ဦးစားပေးဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ကီရာဆာမက်က ပြောဆိုခဲ့ပါတယ်။
“ဒီရောဂါက ကျွန်တော်တို့အားလုံးရဲ့ ကျန်းမာရေး၊ စီးပွားရေးနဲ့ လူမှုရေးစိန်ခေါ်မှုတွေကို ဆက်ပြီးခြိမ်းခြောက်နေတာကြောင့် အာဆီယံဘောလုံးအဖွဲ့ချုပ်အနေနဲ့ ကျန်းမာရေးနဲ့ ဘေးကင်းရေးကို ဦးစားပေးပြီး ရောဂါကူးစက်ပျံ့နှံ့မှုနှုန်းလျှော့ချဖို့အတွက် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်ကျင်းပမယ့် ဆူဇူကီးဖလားပြိုင်ပွဲကို စိတ်ချယုံကြည်စွာ ကျင်းပနိုင်ဖို့မဖြစ်နိုင်သေးတဲ့အတွက် ရွှေ့ဆိုင်းဖို့ဆုံးဖြတ်ခဲ့တာပါ။” လို့ ကီရာဆာမက်ကပြောပါတယ်။ အာဆီယံဘောလုံးအဖွဲ့ချုပ်ဟာ ယခုနှစ်အတွင်း ဘောလုံး၊ ဖူဆယ်နဲ့ သဲသောင်ပြင်ဘောလုံးပြိုင်ပွဲ ကိုးပွဲကိုကျင်းပရန်စီစဉ်ထားပြီး အမျိုးသားပြိုင်ပွဲအဖြစ် ဆူဇူကီးဖလား၊ ယူ-၁၉၊ ယူ-၁၆၊ ဖူဆယ်ကလပ်၊ သဲသောင်ပြင်ဘောလုံးပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲအဖြစ် အာဆီယံအမျိုးသမီးပြိုင်ပွဲ၊ ယူ-၁၈၊ ယူ-၁၅ ပြိုင်ပွဲတွေကို ယှဉ်ပြိုင်ရန်စီစဉ်ထားခြင်းဖြစ်ပါတယ်။
(SO)