ဩဂုတ် ၈၊ ဝါရှင်တန်
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဟောင်ကောင်မြို့ခေါင်းဆောင် ကာရီလမ်၊ ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးမှ ထိပ်တန်းအရာရှိ ၁၀ ဦးကို အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ ဟောင်ကောင်မြို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထိခိုက်အောင်လုပ်သူများကို ပစ်မှတ်ထားပြီး အရေးယူပိတ်ဆို့ခြင်းဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး စတီဗင်အမ်နျူချင်က ပြောသည်။ '' အမေရိကန်နိုင်ငံက ဟောင်ကောင်ပြည်သူတွေနဲ့အတူ ရပ်တည်ပါတယ်''ဟု စတီဗင်အမ်နျူချင်က ဆိုသည်။
တရုတ်နိုင်ငံက ဟောင်ကောင်မြို့တွင် အငြင်းပွားဖွယ် အမျိုးသားလုံခြုံရေးဥပဒေသစ် ချမှတ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံက ယခုကဲ့သို့ အရေးယူပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။
အမျိုးသားလုံခြုံရေးဥပဒေသစ်မှာ ဟောင်ကောင်မြို့၏ လွတ်လပ်ခွင့်များကို ခြိမ်းခြောက်နေသည်ဟု ဝေဖန်သူများက ဆိုသည်။ အမေရိကန်နိုင်ငံက အရေးယူပိတ်ဆို့မှုမလုပ်မီ နာရီပိုင်းအလိုတွင် သမ္မတဒေါ်နယ်ထရမ့်၏ အမေရိကန် အစိုးရက တရုတ်နိုင်ငံပိုင် WeChat နှင့် TikTok apps ကုမ္ပဏီများကို အမေရိကန်နိုင်ငံနှင့် လုပ်ငန်းဆောင်ရွက် ခွင့် ပိတ်ပင်ခဲ့ရာ အမေရိကန်-တရုတ် တင်းမာမှုများ ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။ အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှု ချမှတ်ခံရသူများတွင် ဟောင်ကောင်မြို့ ရဲမင်းကြီးနှင့် အစိုးရအဖွဲ့ဝင်အများအပြား ပါဝင်သည်။ အရေးယူပိတ်ဆို့ခံရသည့် အရာရှိ ၁၁ ဦးအနေဖြင့် အမေရိကန်နိုင်ငံရှိ ယင်းတို့၏ ပိုင်ဆိုင်မှုအားလုံးနှင့် ငွေကြေးဥစ္စာများ သိမ်းဆည်းခံရမည်ဖြစ်သည်။
Ref:BBC(KNT)