ဩဂုတ် ၈၊ ဘေရွတ်
ပြီးခဲ့သည့်အင်္ဂါနေ့က ဘေရွတ်မြို့တွင် ဧရာမပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ပြီးနောက် လက်ဘနွန်နိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်း ကြုံတွေ့နိုင်သည်ဟု ကုလသမဂ္ဂအေဂျင်စီများက သတိပေးထားသည်။ အနည်းဆုံး လူ ၁၅၄ ဦး သေဆုံးခဲ့ပြီး လူ ၅၀၀၀ ဒဏ်ရာရကာ လူ ၃၀၀၀၀၀ ကို အိမ်ရာမဲ့ဖြစ်ပွားစေခဲ့သည့် ပေါက်ကွဲမှုမတိုင်မီကတည်းက လက်ဘနွန်နိုင်ငံတွင် ဧရာမ စီးပွားရေးကျဆင်းမှု ကြုံတွေ့ခဲ့ရသည်။ ဘေရွတ်မြို့ဆိပ်ကမ်း ပျက်စီးခဲ့ခြင်းကြောင့် အစားအစာပံ့ပိုးမှုများ ပြတ်တောက်ခဲ့ပြီး ဈေးနှုန်းများမြင့်တက်ခဲ့ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာစီမံကိန်းက ပြောသည်။ ဆေးရုံ ၃ ရုံမှာ ကုသမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမရှိတော့ရာ လက်ဘနွန်နိုင်ငံ၏ ကျန်းမာရေးစနစ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ပြောသည်။
ဘေရွတ်မြို့မှ ပေါက်ကွဲမှုကို နိုင်ငံတကာစုံစမ်းစစ်ဆေးမှုလုပ်ရန် တိုက်တွန်းမှုများကို လက်ဘနွန်သမ္မတ အေအွန်က ပယ်ချခဲ့သည်။ အဆိုပါပေါက်ကွဲမှုမှာ ဗုံးဖောက်ခွဲမှု စသည့် ပြင်ပ ပယောဂကြောင့် ဖြစ်ပွားခြင်း ဟုတ်၊ မဟုတ်ဆိုခြင်းကို ဒေသခံအာဏာပိုင်များက စစ်ဆေးသွားမည်ဟု အေအွန်က ဆိုသည်။ အဆိုပါဆိပ်ကမ်းတွင် လက်နက်နှင့် ခဲယမ်းမီးကျောက်များ သိုလှောင်ထားသည်ဆိုသော စွပ်စွဲချက်များကို ဟစ်ဇ်ဘိုလာလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် နက်စ်ရယ်လာက ငြင်းဆန်ခဲ့သည်။ လွန်ခဲ့သည့် ၆ နှစ်က ဘေရွတ်မြို့ဆိပ်ကမ်းတွင် မလုံမခြုံ သိုလှောင်ထားသည့် အမိုးနီးယန်းနိုက်ထရိတ် အလေးချိန် ၂၇၅၀ တန်ကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဟု အစိုးရအဖွဲ့က ပြောသည်။
ပြီးခဲ့သည့်အင်္ဂါနေ့ ပေါက်ကွဲမှုမဖြစ်ပွားမီကတည်းက လက်ဘနွန်နိုင်ငံသား ၇၅ ရာခိုင်နှုန်းမှာ အထောက်အပံ့လိုအပ်နေပြီး ၃၃ ရာခိုင်နှုန်းမှာ အလုပ်အကိုင်ဆုံးရှုံးနေသည်။ ထို့အပြင် ဆင်းရဲမွဲတေသည့် အခြေအနေဖြင့် နေထိုင်နေရသူ တစ်သန်းရှိသည်ဟု သိရသည်။
Ref:BBC(KNT)