ဩဂုတ် ၈၊ ပို့တ်လူးဝစ်
ကမ်းလွန်ဘက်တွင် သောင်တင်နေသည့် ရေနံတင်သင်္ဘောတစ်စင်းမှ သမုဒ္ဒရာထဲသို့ ရေနံများ စိမ့်ထွက်နေခြင်းကြောင့် မော်ရစ်သျှနိုင်ငံတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ MV Wakashio ရေနံတင်သင်္ဘောမှာ ဇူလိုင်လ ၂၅ ရက်က မောရစ်သျှကျွန်း၏ ကမ်းလွန်ဘက်ရှိ သန္တာကျောက်တန်းတွင် သောင်တင်ခဲ့ပြီး သင်္ဘောသားများကို ရွှေ့ပြောင်းပေးခဲ့သည်။ ထို့နောက်တွင် ရေနံတင်သင်္ဘောပေါ်မှ ရေနံတန်ချိန်ပေါင်းများစွာမှာ အိန္ဒိယသမုဒ္ဒရာထဲသို့ စိမ့်ထွက်ခဲ့သည်။ ထို့ကြောင့် ပြီးခဲ့သည့်သောကြာနေ့တွင် မောရစ်သျှဝန်ကြီးချုပ် ဂျက်နော့သ်က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။
မောရစ်သျှနိုင်ငံမှာ သောင်တင်နေသည့် သင်္ဘောများကို ပြန်ဆယ်နိုင်လောက်သည့် ကျွမ်းကျင်မှုနှင့် ပညာရှင်မရှိသည့်အတွက် အကူအညီပေးရန် ဂျက်နော့သ်က ပြင်သစ်နိုင်ငံနှင့် ပြင်သစ်သမ္မတ မက်ခရွန်ကို မေတ္တာရပ်ခံခဲ့သည်။ ပြင်သစ်နိုင်ငံပိုင် ရီယူနီယံကျွန်းမှာ မောရစ်သျှကျွန်းအနီးတွင် တည်ရှိသည်။ မောရစ်သျှနိုင်ငံမှာ ကမ္ဘာ့အကျော်ကြားဆုံး သန္တာကျောက်တန်းများရှိရာ နေရာဖြစ်ပြီး ခရီးသွားလုပ်ငန်းမှာ နိုင်ငံ၏စီးပွားရေးအတွက် အဓိကအစိတ်အပိုင်းဖြစ်သည်။
Ref:BBC(KNT)