တိုကျို ဧပြီ ၁၇ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဆိုးရွားလာခြင်းကြောင့် ဂျပန်နိုင်ငံတွင် နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ ကြေညာလိုက်ခြင်းကြောင့် ဒေသဆိုင်ရာ အစိုးရအဖွဲ့များအနေဖြင့် လူများကို အိမ်ထဲတွင်သာ နေထိုင်ကြရန် တိုက်တွန်းနိုင်မည်ဖြစ်သော်လည်း ပြစ်ဒဏ်ပေးနိုင်သည့် စည်းမျဉ်း သို့မဟုတ် ဥပဒေအရ စည်းနှောင်အားရှိသည့်အမိန့် ထုတ်ပြန်နိုင်ခြင်းမရှိပေ။ ဂျပန်နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ ကြေညာမှုမှာ မေလ ၆ ရက်အထိ အကျုံးဝင်မည်ဖြစ်သည်။ အစောပိုင်းတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဒေသခုနစ်ခုတွင် တစ်လကြာမြင့်သည့် အရေးပေါ်အခြေအနေ ကြေညာခဲ့ဖူးသည်။ ဂျပန်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူ မြင့်တက်လာရာ ရောဂါကူးစက်ပျံ့နှံ့မှုအပေါ် ရှင်ဇိုအာဘေး၏ တုံ့ပြန်လှုပ်ရှားမှုကို ဝေဖန်သံများ ပိုမိုကျယ်လောင်လာခဲ့သည်။ ရှင်ဇိုအာဘေးအနေဖြင့် တိုကျိုမြို့တွင် အရေးပေါ်အခြေအနေ ကြေညာရန် အချိန်ဆွဲလွန်းသည်ဟု စစ်တမ်းတစ်ရပ်တွင် လူ ၇၅ ရာခိုင်နှုန်းက မှတ်ချက်ပေးခဲ့သည်။ တိုကျိုမြို့တွင် COVID-19 ကူးစက်ခံရသူ မြင့်တက်လာရာ ဖိအားများနေခြင်းကြောင့် တိုကျိုမြို့၏ အရေးပေါ်ကျန်းမာရေးအဆောက်အအုံများ ယိုင်လဲသွားနိုင်သည်ဟု ကျွမ်းကျင်ပညာရှင်များက သတိပေးထားသည်။ တိုကျိုမြို့မှ အရာရှိများကလည်း လူများကို အိမ်တွင်နေ၍ အလုပ်လုပ်ကြရန် တိုက်တွန်းထားသည်။ ဂျပန်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၉၂၃၁ ဦးရှိနေပြီး လူ ၁၉၀ သေဆုံးခဲ့သည်။ (KNT)