ဝါရှင်တန် ဧပြီ ၁၇ ဂိုဒေါင်ထဲတွင် အလောင်းတစ်လောင်း ဝှက်ထားသည်ဆိုသည့် သတင်းပေးချက်အရ နယူးဂျာစီပြည်နယ်၏ အကြီးဆုံး စောင့်ရှောက်ရေးဂေဟာတစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာ ရုပ်အလောင်း ၁၇ လောင်း တွေ့ရှိခဲ့သည်။ မကြာသေးမီအချိန်အတွင်း Andover Subacute and Rehabilitation စင်တာများနှင့် ဆက်နွှယ်သူ ၆၈ ဦး သေဆုံးခဲ့ပြီး ယင်းတို့အနက် ၂၆ ဦးမှာ COVID-19 ရောဂါပိုး ရှိနေသူများဖြစ်သည်။ အမည်မသိသူတစ်ဦး၏ သတင်းပေးချက်အရ စောင့်ရှောက်ရေးဂေဟာသို့ ဝင်ရောက်ရှာဖွေခဲ့ရာ ဂိုဒေါင်ထဲတွင် ရုပ်အလောင်း မတွေ့ရသော်လည်း စောင့်ရှောက်ရေးဂေဟာ၏ ရေခဲတိုက်အတွင်း အလောင်းများ ပြည့်နှက်နေကြောင်း တွေ့ရှိခဲ့သည်။ စောင့်ရှောက်ရေးဂေဟာ၏ ရေခဲတိုက်မှာ လူလေးဦးအတွက် တည်ဆောက်ထားသော်လည်း အလောင်း ၁၇ လောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သေဆုံးသူ ၁၇ ဦးမှာ COVID-19 ကြောင့် သေဆုံးရခြင်း ဟုတ်၊ မဟုတ် တိတိကျကျ မသိရသေးပေ။ နယူးဂျာစီပြည်နယ်တွင် COVID-19 ကူးစက်ခံရသူ ၇၁၀၀၀ ကျော်ရှိနေပြီး လူ ၃၁၀၀ သေဆုံးခဲ့သည်။ ပြီးခဲ့သည့်အားလပ်ရက်တွင် စောင့်ရှောက်ရေးဂေဟာက အာဏာပိုင်များထံမှ ရုပ်အလောင်းထည့်သည့်အိတ် ၂၅ လုံး တောင်းခံခဲ့သည်ဟု ဆိုသည်။ စောင့်ရှောက်ရေးဂေဟာ၏ အဆောက်အအုံနှစ်ခုတွင် ခုတင် ၇၀၀ နီးပါးရှိသည်။ မတ်လ ၃၁ ရက်နောက်ပိုင်း အဆောက်အအုံတစ်ခုမှ လူနာ ၆၅ ဦး သေဆုံးခဲ့သည်ဟု အမေရိကန်မီဒီယာတစ်ခုက ဖော်ပြသည်။ (KNT)