နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လဝကဝန်ကြီး ဦးသိန်းဆွေမိသားစု မဲစာရင်း မှားယွင်းနေဟုဆို

နေပြည်တော်  ဩဂုတ် ၆


ကနဦး ထုတ်ပြန်ခဲ့သော မဲပေးနိုင်သည့် မဲဆန္ဒရှင်စာရင်းတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ၄င်း၏ မိသားစု မဲစာရင်းလည်း လွဲမှားနေခြင်း တွေ့ရသည်ဟု ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက “ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးကာလ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ရုပ်သံဆွေးနွေးမှုမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကနဦး ထုတ်ပြန်ထားတဲ့ မဲစာရင်းမှာ အမှားအယွင်းတွေများနေတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ကျွန်တော်ရဲ့ မိသားစုမှာတောင် အဲလိုမှားတာတွေ ဖြစ်ပါတယ်။ ဇနီးရဲ့ နာမည်လွဲပါတယ်။ ချွေးမရဲ့ ဆုံးသွားတဲ့ အဘွားရဲ့နာမည် ပြန်ပါနေပါတယ်။ မွေးသက္ကရာဇ်မှားပြီး အသက်တောင် ပြန်ငယ်နေပါသေးတယ်”ဟု ပြောကြားခဲ့သည်။

ထိုသို့ မဲစာရင်း မှားယွင်းမှုများက ယခင်ကလို အိမ်ထောင်စုစာရင်းပေါ် အခြေမခံဘဲ မြေပြင်တွင် ပြည်သူများ ပြည့်ပြည့်စုံစုံပါဝင် မဲပေးနိုင်ရန် ရည်ရွယ်ပြီး အရှိအတိုင်း ကောက်ယူခြင်းကြောင့်ဖြစ်ပြီး ဖြည့်သွင်းသူများ၏ အားနည်းချက်၊ ကွန်ပျူတာစာရင်းသွင်းသူများ ချို့ယွင်းချက်နှင့် စာရင်းများ ပြန်လည် စိစစ်မှုအပိုင်းလည်း အားနည်းခဲ့ခြင်းများ ရှိခဲ့ကြောင်း ဆိုသည်။

လက်ရှိ ထုတ်ပြန်ထားသော မဲဆန္ဒရှင်စာရင်းတွင် ယခင် ၂၀၁၅ ရွေးကောက်ပွဲက မှန်ခဲ့သော စာရင်းများ ယခုလွဲမှားနေခြင်း၊ အမည်လွဲမှားနေခြင်း၊ မွေးသက္ကရာဇ် လွဲမှားနေခြင်းနှင့် သေဆုံးသူများ၏ အမည်များ ပြန်လည် ပါဝင်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မှားယွင်းမှုများအပေါ် အသေးစိတ်သုံးသပ်ပြီး လာမည့် အောက်တိုဘာလတွင် ဒုတိယအကြိမ် ထုတ်ပြန်မည့် မဲဆန္ဒရှင်စာရင်းကို တိကျသေချာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဦးသိန်းဆွေက ပြောသည်။

အသက်(၁၈)နှစ်ပြည့်သူတိုင်း မဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းကို ဇူလိုင်လ(၂၅)ရက်နေ့ကတည်းက ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပြီး နောက်ဆုံးအကြိမ်အဖြစ် အောက်တိုဘာလတွင် ထုတ်ပြန်ဦးမည်ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် လက်ရှိ ကနဦး မဲဆန္ဒရှင်စာရင်း (၃၇ သန်း ၅ သိန်း) ကျော်ရှိပြီး၊ သြဂုတ်လ(၄) ရက်နေ့အထိ မဲစာရင်းလာကြည့်သူ (၆ သန်းနှင့် ၆ သိန်း)ကျော်ရှိကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။                                                                                                                   

မြင့်မြတ်အောင်မြင်






အခြားဆက်စပ်သတင်းများ