ဩဂုတ် ၆၊ နယူးဒေလီ
အိန္ဒိယနိုင်ငံ အနောက်ပိုင်း အာမီဒါဘတ်မြို့ရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများကို ကုသပေးနေ သည့် ဆေးရုံ၏ အထူးကုသဆောင်တွင် မီးလောင်ခဲ့ခြင်းကြောင့် လူနာရှစ်ဦး သေဆုံးခဲ့သည်။ ဝါယာရှော့ခ်ဖြစ်ခြင်းကြောင့် ကျန်းမာရေးဝန်ထမ်းတစ်ဦး၏ တစ်ကိုယ်ရေးကာကွယ်ရေးဝတ်စုံ မီးလောင်ခဲ့ ပြီးနောက် မီးကူးစက်သွားခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဌာန၏ ထိပ်တန်းအရာရှိ ရာဂျက်ဘတ်က ပြောသည်။ ''ကျန်းမာရေးဝန်ထမ်းက အထူးကုသဆောင်မှာ ကြောက်လန့်တကြား လျှောက်ပြေးခဲ့လို့ မီးကူးစက် သွားခဲ့တာပါ''ဟု ယင်းက ဆိုသည်။
အဆိုပါဖြစ်ရပ်ကြောင့် ရဲတပ်ဖွဲ့က ဆေးရုံဒါရိုက်တာတစ်ဦးကို ထိန်းသိမ်းထားပြီး စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ သြဂုတ်လ ၆ ရက် ဒေသစံတော်ချိန် နံနက် ၃ နာရီအချိန်တွင် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ တစ်နာရီကြာ မီးလောင်ကျွမ်းခဲ့ပြီးနောက် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး အဆိုပါဆေးရုံရှိ လူနာ ၄၀ ကို အခြားဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း ရာဂျက်ဘတ်က ပြောသည်။ ဆေးရုံမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ချိန်တွင် ကိုရိုနာဗိုင်းရပ်စ် လူနာများနှင့် ထိတွေ့မိခဲ့ခြင်းကြောင့် ယင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် အသွားအလာကန့်သတ်မှုခံယူရမည်ဟု ရာဂျက်ဘတ်က ဆိုသည်။
Ref:BBC(KNT)