ရန်ကုန် ဩဂုတ် ၆
ရန်ကုန်မြစ်မှ ပင်လယ်ဒီရေဝင်ရောက်မှုနှင့် မိုးရွာသွန်းမှုများကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်ရှိ တွံတေးတူးမြောင်းဘေးရှိရပ်ကွက်၊ ကျေးရွာအချို့နှင့် တွံတေး-ဒလကားလမ်းဟောင်းပေါ်ရှိ ကွမ်းခြံရပ်ကွက် ညောင်ဝိုင်းကားလမ်း၊ အိုးဖိုအနောက်ရပ်ကွက်ရွာဖျားပိုင်းတို့တွင် ဩဂုတ် ၅ ရက်၊ ညနေ ၅ နာရီက ဒီရေဝင်ရောက်မှုရှိခဲ့ကြောင်းသိရသည်။ နှစ်စဉ်ဝါထပ်ကာလနှစ်များတွင် ဒုတိယဝါဆိုလပြည့်နေ့မှ လပြည့်ကျော် ၄ ရက်အထိ ပင်လယ်ဒီရေတက်ခြင်း၊ မိုးရွာသွန်းမှုများကြောင့် တွံတေးမြို့ပေါ်ရှိမြေနိမ့်ရပ်ကွက်၊ကျေးရွာအချို့နှင့် တွံတေး-ဒလကားလမ်းအနိမ့်နေရာများ ရေအနည်းငယ်မြင့်တက်လေ့ရှိပြီး တွံတေးတူးမြောင်း ဒီရေတက်ခြင်းသည် တက်ချိန်/ကျချိန်နာရီပိုင်းမျှသာရှိပြီး စိုးရိမ်စရာမရှိကြောင်း သိရသည်။
အဆိုပါရေကျော်မှုကြောင့် လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုကို တစ်စုံတစ်ရာထိခိုက်မှုမရှိကြောင်း သိရှိရသည်။ ရေဖြတ်ကျော်သည့်အချို့နေရာများတွင် ကားလမ်းမပေါ်သို့ ၆လက်မခန့်ဖြတ်ကျော်မှုရှိကြောင်း သိရှိရသည်။
မျိုးလှိုင်(တွံတေး)