နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသက်ရှည်ချင်ရင်

ဧပြီ ၁၆ ''မင်းအသက်ရှည်ရှည်နေချင်သလား'' ဦးကြီကလည်း မေးနေရသေးလား၊ အသက်ရှည်ရှည်နေချင်တာ ပေါ့၊ ဒါဆို မင်းအခုသောက်နေတဲ့ အရက်ဖြတ်မှ အသက်ရှည်မှာ၊ ဒါတော့ ကျွန်တော်မဖြတ်နိုင်ဘူး၊ ဒါပေမယ့် ကြိုးစားကြည့်ပါဦးမယ်" ဦးကြီးဖြစ်သူက တူဖြစ်သူရဲ့ ညနေတိုင်းအရက်သောက်နေတာတွေ့ပြီး ဆုံးမခဲ့တယ်။ ဒါပေမယ့် တူဖြစ်သူ ကလည်း စကားအဖြစ်သာ ပြောကာ ဒီအရက်ကို မသောက်ဘဲ မနေနိုင်ဘူး၊ ဒါနဲ့ နောက်ဆုံးသူ့တူ အသက် ၄၀ မပြည့်ခင်ဘဲ အသဲခြောက်ရောဂါနဲ့ သေဆုံးသွားတယ်။ မသေခင်လည်း တော်တော်ခံလိုက်ရတယ်။ ဆရာဝန် ကလည်း ဆေးတွေတိုက်တယ်။ အရက်ဖြတ်ဖို့လည်း ပြောတယ်။ ဒါပေမယ့် သူက ဒီအရက်ကို မဖြတ်နိုင်ဘူး၊ အရက်ဆိုင်မသွားနိုင်တဲ့အဆုံး မိန်းမကို အဝယ်ခိုင်းပြီး သောက်တယ်၊ ဝယ်မပေးရင် ဆူပူကြိမ်းမောင်းဆဲဆို တော့တယ်၊ အိမ်နီးချင်းတွေတောင် အကြားမတော်ဘူး၊ ဒါနဲ့ မိန်းမကလည်း အဆူအပူသက်သာရင်ပြီးရောဆိုပြီး အရက်တစ်ပိုင်းဝယ်ပေးလိုက်ရတယ်။ အရက်သောက်ပြီးရင်လည်း အေးအေးနေတာ ခဏပဲ။ အမူးပြေတာနဲ့ တစ်ခါဆူပြန်ပူပြန်ရော။ နောက်ဆုံး အသည်းခြောက်ရောဂါ အသည်းအသန်ဖြစ်တော့တယ်၊ ကိုယ့်ပုဆိုးကိုယ်တောင် မနိုင်တော့ဘူး၊ အပေါ့သွားချင်လို့လည်း ထမသွားနိုင်၊ အလေးသွားချင်လို့လည်း အိမ်သာကို မရောက်တော့၊ ထမသွားနိုင်တော့ မိန်းမနဲ့ ကလေးတွေဟာ သူ့အညစ်အကြေးသိမ်းဆည်းရတာ အော့နှလုံးနာပြီး ထမင်းစားများတောင် ပျက်ကြရတယ်။ လူစိတ်ကလည်း ပျောက်နေပြီး မိဘကို မိဘမှန်း မသိ၊ အဖေလုပ်တဲ့လူကို ဟေ့ကောင်လို့ခေါ်လိုခေါ် နင်ပဲ ငဆပြောလို့ပြော လူကြားမကောင်း သူကြားမကောင်း အော်လို့အော်၊ ယစ်လို့ယစ်၊ မိန်းမခမျာ ဝဋ်ကြွေးကို ခံနေရတဲ့ပမာ ဒုက္ခအကြီးအကျယ် ရောက်ရတော့တယ်။ ရှိစုမဲ့စု ငွေကလည်းကုန်၊ ဒါနဲ့ပဲ နောက်ဆုံးရောဂါဒဏ် မရှုမလှခံရပြီး ရုပ်ပျက်ဆင်းပျက်နဲ့ သေဆုံးရတယ်။ သူသေသွားတော့ ရှုရက်စရာမရှိပါဘူး၊ အရင်က ဖွံ့ဖြိုးခဲ့တဲ့ ခန္ဓာဟာ ပိန်ကပ်ပြီး အရိုးပေါ် အရေတင်နေ တယ်၊ မျက်နှာဆိုတာကလည်း ယခင်က ဖြူဖြူဖွေးဖွေးလေးကနေပြီး မည်းသွားလိုက်တာ အိုးမဲက အစ်ကိုကြီး ခေါ်ရတယ်၊ ကွယ်လွန်တဲ့အခါ မိသားစုကလည်း နဂိုကမှ စေတနာပျက်နေတာ သိပ်မငိုကြတော့ပါဘူး၊ အရပ်ထဲက အိမ်နီးချင်းလေးတွေ ဖိတ်ပြီး အမြန်သင်္ဂြိုဟ်လိုက်ကြတယ်။ ပတ်ဝန်းကျင် အိမ်များကလည်း ရှေ့တင်ထုတ်တော့ မပြောဘူး၊ ဒါပေမယ့် စိတ်ထဲမှာတော့ ''တော်တော်ဆိုးပါ တယ်၊ မိန်းမကိုလည်း ကောင်းကောင်းလုပ်ကျွေးသွားတာ မဟုတ်ဘူး၊ ကလေးတွေသာ မွေးသွားတယ်၊ ပြုစု မသွားနိုင်ဘူး၊ ဘာပစ္စည်းမှလည်း မကျန်ရစ်ခဲ့ပါဘူး၊ ရသမျှ သူ့အရက်ဖိုးနဲ့ ကုန်နေတာ၊ ရောဂါလည်း မရှုမလှ ခံစားရတော့ သေတာပဲကောင်းပါတယ်၊ အခုမှပဲ နားအေးရတော့တယ်၊ သူပြောနိုင်တုန်းကဆိုရင် တစ်နေ့မှ နားမချမ်းသာရဘူး၊ တော်တော်စိတ်ညစ်ဖို့ ကောင်းပါတယ်"လို့ ဖြစ်မိကြတယ်။ မစာနာ မသနားသူတွေမှာတော့ ခပ်ဝေးဝေးမှာ အဲဒါကို အားပါးတရ ပြောကြတယ်၊ အရက်သမားများ သေတာတောင် ကောင်းကောင်းမသေရ ဘူး၊ အပြောအဆိုခံပြီး သေကြရတယ်။ အဲဒီတော့ ဒီအရက်ကို ဘာကြောင့် သောက်ကြသလဲ၊ သောက်ရတဲ့အကြောင်းကတော့ ရှိတယ်၊ အရသာရှိလို့ သောက်ကြတာတော့ မဟုတ်ဘူး၊ သူဝင်ခံစားရတာက- ပဏာမစိတ်ရွှင်လန်းလာတယ်၊ စိတ်ကတက်ကြွလာတယ်၊ စကားပြောလို့ အာသွက်လာတယ်၊ စကား ပြောချင်လာတယ်၊ ဒါနဲ့ ဝိုင်းဖွဲ့မိသူတွေဟာ ဦးတည်ရာမဲ့ ဟိုရောက်ဒီရောက် ပြောကြတော့တယ်၊ ငြင်းခုံစရာရှိရင် လည်း သူနိုင်ကိုယ်နိုင် ငြင်းခုံကြတော့တယ်။ အဲဒီလို ငြင်းရာကနေပြီး တချို့ဆို လက်ပါ ပါပြီး ရန်ဖြစ်ကြတယ်။ နောက်ဆုံး ထိုးကြကြိတ်ကြနဲ့ ဓားထိုးမှု တောင် ဖြစ်တဲ့အထိပဲ။ ဒုတိယ အရက်ခန္ဓာကိုယ်ထဲဝင်သွားတော့ စားတဲ့ အမြည်းကလည်း ပိုပြီးအရသာရှိသလို ခံစားရတယ်။ ဒီတင်စားလိုက် သောက်လိုက်နဲ့ ကိုယ်နိုင်တာထက်ပိုပြီး သောက်မိတော့တယ်၊ ဝက်နံရိုးကြော်၊ ဝက်ခေါက်ကင် ဆိုတာတွေကလည်း ပါလိုက်သေးတယ်။ အဲဒီတော့ ပိုမူး ပိုသောက်ဖြစ်တာပေါ့၊ အရက်သောက်ရတဲ့ အရသာက ဒါလောက်ပါပဲ၊ အများဆုံး တစ်နာရီပါပဲ၊ နောက်ပိုင်းမှာ အာရုံကြောတွေကလည်း ထုံလာတော့ အရသာလည်း မခံစားနိုင်တော့ပါဘူး။ သူငယ်ချင်းများနဲ့ ဆုံတဲ့အခါ မတွေ့တာကလည်း ကြာပြီဆိုတော့ ပိုပြီးစကားဖောင်ဖွဲ့ ပြောမိတယ်၊ အပြော များသလို အသောက်လည်း များသွားတာပေါ့၊ တကယ်လို့ ဖိတ်ခေါ်ပြီး ပြုစုကျွေးမွေးသူ တကာရှိရင်တော့ ပိုပြီး လည်း သောက်မိတယ်။ သောက်တာ နှစ်နာရီခန့်ရှိပြီဆိုရင်တော့ အရက်အကောင်းစားပဲ သောက်သောက်၊ ဘီယာ၊ ဂျင်လို အပျော့စား ပဲသောက်သောက် မူးတော့တာပဲ ဟိုရောဒီရော သောက်ရင် ပိုမူးတယ်၊ မူးပြီဆိုရင်တော့ ခြေလှမ်းတာ မမှန် တော့ဘူး၊ အာကလည်း လေးလာပြီ၊ ခွေးကို လူမထင်ဘူးလို့လည်း ပြောလာပြီ၊ ဒါအရက်မူးနေတဲ့ လက္ခဏာပဲ။ မျက်စိ အမြင်ကလည်း မကြည်လင်တော့ဘူး။ အဲဒီမှာ ကားမောင်းပြီး လိုက်ပို့သူရှိရင်တော့ တော်ရဲ့။ ကိုယ်တိုင်ကားမောင်းပြန်ရပြီးဆိုရင် ညအချိန် မြင်ကွင်းကလည်း မကောင်းဆိုရင်တော့ လမ်းမှန်အတိုင်း မမောင်းနိုင်တော့ဘူး။ အဲဒါကြောင့် မူးရင်မမောင်းနဲ့ လို့ဆိုတဲ့ စကားရှိတယ်။ ဒါပေမယ့် မူးလည်း မောင်းနေကြတာပဲ၊ ဒါနဲ့ ကားမြစ်ထဲထိုးကျပြီးသေ၊ လမ်းဘေး ရပ်ထားတဲ့ ကားဝင်တိုက်၊ လမ်းလယ်ကျွန်းက ကတ်တုံးတွေ ဝင်တိုက်ဖြစ်ပြီး ချက်ချင်းသေကြရတော့တာပဲ။ သေတဲ့သူတွေဟာ အရွယ်ကောင်းတွေ အသက် ၃၀ ဝန်းကျင် လူတွေများတယ်။ အရက်သာသောက်လို့ကတော့ သိပ်ကြာကြာ မခံနိုင်ပါဘူး၊ အသက် ၂၀ ကျော်လောက်လည်း သေတာပါပဲ၊ အသက် ၃၀ ကျော်၊ ၄၀ ခန့်လည်း သေတာပါပဲ အသက် ၅၀ ခန့် အရွယ်လည်း သေတာပါပဲ။ စာမတတ် တတတ်လူတွေကလည်း သေတာပဲ၊ ဘွဲ့ရတွေလည်း သေတာပဲ၊ သေသူကသာ စောစော သေတာ ကျန်ရစ်တဲ့ဇနီးကလေးတွေကတော့ ဖရိုဖရဲနဲ့ ကျန်ရစ်ခဲ့ကြတယ်။ ပညာကလည်း မတတ်၊ စီးပွား ကလည်း မဖြစ်ထွန်း ဆင်းရဲကြတယ်။ အဲဒါအသောက်သမားများ စောစောသေလို့ ဖြစ်ရတဲ့ပြဿနာ။ အရက်ကတော့ သောက်လေ သောက်လေ သောက်ချင်လေပါပဲ။ သူရဲ့ အာနိသင်က စွဲမက်စေတယ်။ သောက်ပြီးရင်တော့ သူရဲ့ အဖျက်စွမ်းအားက ခန္ဓာကိုယ်ထဲရှိ အာရုံကြောတွေ ဦးနှောက်၊ အသည်း၊ အဆုတ်၊ အစာအိမ်၊ နှလုံးသည်းပွတ်ဆိုတဲ့ အဓိက အစိတ်အပိုင်းတွေကို ဖျက်ဆီးပစ်တာပဲ၊ အဲဒီတော့ သွေးလည်ပတ်မှု တွေက မမှန် သွေးရောက်သင့်တဲ့ နေရာ မရောက်တော့ ခန္ဓာကိုယ်ဟာ ဖောက်ပြန်လာပြီး ပထမတော့ မျက်နှာ ဖောရောင်လာတယ်။ နောက်တော့ ခေတ္တမူးမေ့သွားတာဖြစ်တော့တယ်။ တစ်ခါတည်းလည်း သေသွား နိုင်တယ်။ အဲဒီတော့ အရက်က ကောင်းတယ်လို့ ကိုယ်ကထင်နေတာ ခဏပါ။ ခန္ဓာကိုယ်ကို ဖျက်ဆီးတာကတော့ တစ်သက်လုံးပါပဲ။ တချို့ကလည်း သနားဖို့ကောင်းတယ်။ လူကတော့ မသေဘူး၊ ဒါပေမယ့် အာရုံကြောစနစ်တွေ ဖျက်ဆီးပြီး အသိဆိုတာ မရှိတော့ဘူး၊ မိသားစုက ဝိုင်းပြီး နှစ်နဲ့ချီပြီး ပြုစုနေကြရတယ်၊ မိသားစုမှာလည်း ဝန်ထုပ်ဝန်ပိုး ဖြစ်နေပြီပေါ့။ အရက်သောက်သူများ ပြုလေ့ရှိတဲ့ အပြစ်တွေကို ဗုဒ္ဓဘာသာတရားတော်မှာတော့ ဒီလိုဖော်ပြထားတယ်၊ အရေးအခွင့်သင့် ၊ မသင့် မသိတတ်ဘူး၊ ပျင်းရိတတ်တယ်၊ မေ့လျော့မူးဝေစေတယ်၊ သူ့ကျေးဇူးကို မသိဘူး၊ အရှက်အကြောက်ကင်းတယ်၊ ရူးသွပ်တတ်တယ်၊ မကောင်းမှုအားလုံး ကျူးလွန်လွယ်တယ်၊ ဒါမျက်မှောက် ဘဝမှာ ဖြစ်တတ်တာတွေပဲ။ ဒါ့အပြင် ဆောင်းပါးအစပိုင်းမှာ ဖြစ်ရတဲ့ အသက်တိုတာ၊ ရောဂါပြင်းပြင်းထန်ထန် ခံစားရတာ ပတ်ဝန်းကျင် က ရှုတ်ချတာစတဲ့ အပြစ်တွေကတော့ အများကြီးပဲ။ ကိုယ့်အိမ်ကို မီးရှို့လို့ ဆုံးရှုံးကာ မိခင်၊ ဖခင်၊ အစ်ကို၊ ညီတွေ ကို ဓားနဲ့ထိုး တုတ်နဲ့ရိုက် ဒဏ်ရာရသေကုန်လို့ ထောင်ကျတာတွေလည်း သတင်းစာတွေမှာ ဖတ်နေရတယ်။ အဲဒီတော့ အသက်ရှည်ပြီး ကျန်းကျန်းမာမာ နေချင်တယ်၊ လူ့ဘဝမှာ ချမ်းချမ်းသာသာ နေချင်ကြတယ်ဆိုရင် တော့ ဒီအရက်ကို ဖြတ်မှ ဖြစ်မယ်။ အရက်ဖြတ်ရတာ မခက်ပါဘူး၊ ငါ ဒီမကောင်းတဲ့အရက်ကို မသောက်တော့ဘူးလို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချဖို့ အရက်သောက်တတ်တဲ့သူတွေနဲ့ ခပ်ခွာခွာနေဖို့၊ အရက်သောက်ချင်စိတ်ပေါ်လာရင် အားကစားဖြစ်ဖြစ်၊ စာဖတ်တာဖြစ်ဖြစ်၊ ဘုရားရှိခိုးတာ ဖြစ်ဖြစ်၊ သီချင်းဆိုတာ ဖြစ်ဖြစ်၊ တီဗီကြည့်၊ ရေဒီယိုနားထောင်တာ ဖြစ်ဖြစ် ကိုယ်ဝါသနာပါတာ ကိုယ့်ကိုအကျိုးပြုမယ့်ဟာတစ်ခုခုနဲ့ အစားထိုးလုပ်ပါ။ ကြာကြာမလုပ်ရပါဘူး၊ တစ်ပတ် လောက်ပဲ ကြိုးစားရမှာပါ။ ဒါဆို အရက်ပြတ်ပြီး တစ်သက်လုံး ကောင်းစားသွားမှာပါ၊ တစ်သက်လုံး ကောင်းစား ချင်သလား၊ ခဏအရသာလေးရှိပြီး ဒုက္ခတွေ ရေရှည်ခံစားမလား၊ ဘယ်ဟာလုပ်မလဲလို့သာ ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်လိုက်ပါ။ ကိုယ်ကောင်းအောင် ဘယ်သူကမှ လုပ်မပေးနိုင်ဘူး၊ ကိုယ့်ဟာကိုယ်လုပ်ရမှာတော့ သတိချပ်ဖို့ လိုတယ်နော်။ ကဲ..အရက်သောက်ဝါသနာပါသူများ ဘယ်လမ်းလိုက်ကြမလဲ၊ ကိုယ့်ဟာကို ဆုံးဖြတ်ကြပါ။ စာရေးသူကတော့ စေတနာနဲ့ ပြောတာပါ၊ ကောင်းစားစေချင်လို့ ။ မြင်းခြံ ကျော်အောင်






အခြားဆက်စပ်သတင်းများ