ရန်ကုန် သြဂုတ် ၆
မြန်မာအမျိုးသားလေကြောင်း(MNA)မှ ဒုတိယအကြိမ်မြောက် ရန်ကုန်နှင့် ဟောင်ကောင်အကြား Relief Flight များ ပျံသန်းပြေးဆွဲပေးမည့်ရက်ကို သက်ဆိုင်ရာမှ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရသည်။
နေရပ်သို့ ပြန်လိုကြသော မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများ အဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် ယခင်က ဩဂုတ် ၁၉ ရက်တွင် ဒုတိယအကြိမ်မြောက် ရန်ကုန်-ဟောင်ကောင်-ရန်ကုန် ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်(Relief Flight)များ ထပ်မံပျံသန်းပြေးဆွဲရန် စီစဉ်ထားခြင်းဖြစ်ပြီး ယခုအခါ အဆိုပါ Relief Flight များ ပြေးဆွဲပေးမည့်ရက်ကို ဩဂုတ် ၂၁ ရက်သို့ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရသည်။
ထိုသို့ ရက်ပြောင်းလဲပြေးဆွဲရာတွင် ရန်ကုန်-ဟောင်ကောင် Relief Flight သည် ဩဂုတ် ၂၁ ရက်၊ နံနက် ၈ နာရီ ၅၀ မိနစ်တွင် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာမည်ဖြစ်ပြီး ဟောင်ကောင်-ရန်ကုန် Relief Flight မှာလည်း ဩဂုတ် ၂၁ ရက်၊ ညနေ ၃ နာရီတွင် ဟောင်ကောင်မြို့မှ စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
ယင်း Relief Flight များ ပျံသန်းနိုင်ရေးအတွက် မြန်မာအမျိုးသားလေကြောင်း(MNA)နှင့် ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့ ပူးပေါင်းစီစဉ်ဆောင်ရွက်ကြခြင်းဖြစ်ကြောင်းနှင့် ထို Relief Flight များတွင် သက်ဆိုင်ရာအာဏာပိုင်များက စစ်ဆေးဆောင်ရွက်ပြီး ခွင့်ပြုသူများကိုသာ ကန့်သတ်ထားသော ခရီးသည် အရေအတွက်အတိုင်း လိုက်ပါစီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒုတိယအကြိမ်မြောက် ရန်ကုန်-ဟောင်ကောင်-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်(Relief Flight)များနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ သိရှိလိုပါက MNA Call Center ဖုန်းနံပါတ် +951 378603-04-06-07 နှင့် +951 377840-41-42 တို့ကို ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
ကိုဆောင်း(ဥက္ကလာ)