ကျောက်မြောင်း ဩဂုတ် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့၊ ဂွေးပင်ကုန်ကျေးရွာတွင် မိုးစပါးမျိုးစေ့ချ ကိရိယာ(Drum Seeder)ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ဩဂုတ် ၆ ရက်၊ နံနက်ပိုင်းက တောင်သူ ဦးသောင်းအေး၊ ကွင်းအမှတ်-၂၇၁၈က၊ ဦးပိုင်အမှတ်-၂၇၊ စိုက်ဧက(၃.၀၀)ဧက၌ စိုက်ပျိုးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်မြောင်းမြို့အုပ်ချုပ်ရေးမှူး ဦးထွန်းအေးခိုင်က အဖွင့်အမှာစကားပြောကြားပြီး ကျောက်မြောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝင်းက ကွင်းသရုပ်ပြပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး (Drum Seeder)ဖြင့် စိုက်ပျိုးခြင်း၏အားသာချက်၊ အားနည်းချက် များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ (Drum Seeder)ဖြင့် စိုက်ပျိုးခြင်း လက်တွေ့စိုက်ပျိုးမှုများကို တက်ရောက်လာကြသော တောင်သူဦးရေ ၅၇ ဦးခန့်က ကွင်းအတွင်းလေ့လာပြီး တောင်သူများသိရှိလိုသည်များကို စိုက်ပျိုးရေး ဦးစီးမှူးဌာနမှ တာဝန်ရှိသူများက လက်တွေ့ရှင်းလင်းပြသခဲ့သည်။
စမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲဆောင်ရွက်ပြီး နည်းပညာများပို့ချသည့်အတွက် တောင်သူများအနေဖြင့် လည်း မိမိဒေသနှင့်ကိုက်ညီသည့်စနစ်ကို ရွေးချယ်စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်းနှင့် တောင်သူများအတွက် အကျိုးကျေးဇူးများရရှိကြောင်း၊ လာမည့်နှစ်တွင်လည်း စမ်းသပ်ကွက်များ၊ မျိုးစေ့ထုတ်ကွက်များ၊ စံပြကွက်များဖြင့် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း တောင်သူဦးသောင်းအေး၏ ပြောကြားချက်အရ သိရသည်။
ဇင်ပိုင်မှူး(ကျောက်မြောင်း)