ပေါင်းတည် ဩဂုတ် ၆
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် ဩဂုတ် ၅ ရက်၊ ညနေပိုင်းက မင်းကွက်(၁)ရပ်ကွက် စည်ပင်ဝင်းအတွင်း နေထိုင်သူအများစုမှာ လတ်တလောအော့အန်ဝမ်းဗိုက်နာပြီး ဝမ်းပျက်ဝမ်းလျှောမှုများ ဖြစ်ပွားနေကြောင်း ရပ်ကွက်နေသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။
အဆိုပါသတင်းရရှိမှုအပေါ် ပေါင်းတည်မြို့နယ်အုပ်ချုပ်ရေးမှူးဦးနေလင်းနိုင်နှင့် သက်ဆိုင်ရာတာဝန်ရှိ သူများက ပဏာမစုံစမ်းမှုများပြုလုပ်ရန်နှင့် လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် နိုင်ရေးအတွက် စီစဉ်မှုများနှင့်အတူ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ ကျန်းမာရေး ဝန်ထမ်းများက ဩဂုတ် ၆ ရက်၊ နံနက်ပိုင်းကဖြစ်ပွားခဲ့သည့် ရပ်ကွက်အတွင်းသို့သွားရောက်ကွင်းဆင်းစစ် ဆေးမှုပြုလုပ်ခဲ့ကြသည်။
အဆိုပါအဖွဲ့မှ ဦးစွာကုသမှုများစတင်ဆောင်ရွက်ပေးခြင်း ရောဂါဖြစ်ပွားသည့်လူနာသစ်များရှာဖွေခြင်း ကျန်းမာရေးအသိပညာပေးခြင်းနှင့် ရပ်ကွက်အတွင်းရှိရေတွင်း၊ ရေကန်များကို ကလိုရင်းဆေးခတ်ပေးခြင်းများဆောင်ရွက်ခဲ့ကြသည်။
ဖြစ်ပွားသည့်ရောဂါအကြောင်းရင်းမှာ ပြင်ပတွင်လတ်တလောထွက်ပေါ်နေသည့် အစာအဆိပ်သင့် ခြင်းဖြစ်သည်ဆိုသည့် သတင်းအပေါ် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိတစ်ဦးကပြောကြားရာတွင် ဖြစ်ပွားသည့်လူနာအများစုမှာ အဆိုပါရပ်ကွက်အတွင်းရှိ အလှူအိမ် ၂ အိမ်မှ ကြာဆံကျော်၊ နို့စိမ်းခေါက်ဆွဲ နှင့် ပြင်ပအစားအစာများကို စားသုံးမိခဲ့ကြောင်းနှင့် စားသုံးပြီးနာရီအတန်ကြာမှ ယခုကဲ့သို့ရောဂါစတင်ဖြစ်ပွားခဲ့ကြောင်း သွားရောက်စာရင်းကောက်ယူမှုအရ လူနာ ၃၁ ဦးရှိပြီး လက်ရှိအခြေအနေကျန်းမာရေးကောင်းမွန် လျက်ရှိကြောင်း ဆေးရုံတက်ရောက်ကုသနေသူ ၂ ဦးမှာလည်း ဖြစ်ပွားသည့်ဝမ်းပျက်ဝမ်းလျှောရောဂါ အပြင် အခြားရောဂါများကြောင့် တက်ရောက်ကုသမှုခံယူနေရခြင်းဖြစ်ကြောင်း အဆိုပါလူနာများအားဓာတ်ခွဲ စမ်းသပ်မှုများ ပြုလုပ်လျက်ရှိကြောင်းနှင့် ဓာတ်ခွဲစမ်းသပ်အဖြေထွက်ရှိမှသာ အစာအဆိပ်သင့်ခြင်းကြောင့် ရောဂါဖြစ်ပွားခဲ့ရခြင်းဟုတ်/မဟုတ် အတည်ပြုထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး ယခုရောဂါဖြစ်ပွားမှုမှာဒေသခံ များအနေဖြင့် အရေးကြီးစိုးရိမ်ဖွယ်ရာမရှိကြောင်း ပြောကြားချက်အရသိရှိရသည်။
တင်ဝင်းဇော်(မင်းသားကြီး)ပေါင်းတည်