မိုးကုတ် ဩဂုတ် ၆
မိုးကုတ်မြို့တွင် ကျောက်မျက်တူးဖော်ခွင့် လက်လုပ်လက်စား နှင့် အသေးစားများ တူးဖော်ထုတ်လုပ်နိုင်ရန် သတ်မှတ်ထားသည့် လုပ်ကွက်ဧရိယာများကို ပြောင်းလဲသတ်မှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
အသေးစားကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်းကို ၃ ဧကထက်မပိုသော အကျယ်အဝန်း သတ်မှတ် ထားရာမှ ၁ ဧက သာသတ်မှတ်ပေးရန်နှင့် လက်လုပ်လက်စားများအတွက် ၁ ဧကထက်မပိုသော အကျယ် အဝန်းကို ၅၀ ပေပတ်လည်အဖြစ်သတ်မှတ်ပေးရန် ၊ မိုးကုတ်ဒေသတွင် ဒေသခံများအတွက် လက်လုပ်လက်စား ကျောက်မျက်ရတနာ လုပ်ကွက်များအဖြစ် ချထားပေးရန် သတ်မှတ်မည်ဖြစ်ပြီး လျာထားသည့် မြေဧက ၈၂၂၀ဝ ကျော် ရှိကာ လောင်းစင်၊ ရေဝေ၊ ပင်သပြေနှင့် ပိန်းမြစ် အစရှိသော နေရာများရှိ မြေများဖြစ်ကြောင်း သိရသည်။
ယင်းမြေနေရာများကို ဇုန်သုံးခု ပိုင်းခြား သတ်မှတ်ထားပြီး ဇုန်(၁)တွင် ၆၅၆၂၈ ဧက၊ ဇုန် (၂)တွင် ၁၀၁၅၃ ဧကနှင့် ဇုန်(၃)တွင် ၆၄၃၈ ဧက ပါဝင်မည်ဖြစ်ကြောင်း သတ္ထုတွင်း ဦးစီးဌာနမှ ထုတ်ပြန်သည့် မြေပုံများတွင် ဖော်ပြထားသည်။မိုးကုတ်ဒေသတွင် ပြည်ထောင်စုက စီမံခန့်ခွဲခွင့်ရှိသည့် အလတ်စား ကျောက်မျက်လုပ်ကွက် ဧရိယာ ၁၆၁၆၀ ဧက နှင့် တိုင်းဒေသကြီးအစိုးရက စီမံခန့်ခွဲနိုင်သည့် လက်လုပ်လက်စား လုပ်ကွက်ဧရိယာ ၈၂၂၁၉ ဧက ရှိကြောင်း သတ္ထုတွင်း ဦးစီးဌာန မှတ်တမ်းများတွင် ဖေါ်ပြထားသည်။
မန္တလေးတိုင်းဒေသကြီး အသေးစားနှင့် လက်လုပ်လက်စား ကျောက်မျက်ရတနာ ဥပဒေမူကြမ်းကို သြဂုတ်လ ၆ ရက်တွင်ကျင်းပမည့် တိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ဆွေးနွေးအတည်ပြု သွားမည်ဖြစ်ကြောင်း သိရသည်။
မေဘယ်လ်အောင်