နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင်များနှင့် ဌာနမှူးများ၏ လုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်၊  ဩဂုတ်  ၅


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင်များနှင့် ဌာနမှူးများ၏ လုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၅ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့တော်ခန်းမရှိ အစည်းအဝေးခန်းမ(၄) ၌ ကျင်းပသည်။


အစည်းအဝေးတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးမောင်မောင်စိုး က အမှာစကားပြောကြားရာ၌ လက်ရှိအခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် အခြေအနေကို ပြောကြား လိုကြောင်း၊ ပြောင်းလဲမှုများဖြစ်လာသည့်အခါ ယန္တရားများပြောင်းလဲလာသကဲ့သို့ သဘာဝအရလည်း ပြောင်းလဲမှုများ များပြားလာကြောင်း၊ အဓိကအားဖြင့် သဘာဝအရ ပြောင်းလဲမှုပေါ် မူတည်ပြီး ယန္တရားများ သည်လည်း ပြောင်းလဲလာကြောင်း။


လုပ်ငန်းသဘာဝအရ လုပ်ဆောင်မှု Standard Operation Procedure(SOP) တွင် ကော်မတီဝင်များနှင့် ဌာနမှူးများသည် အရေးကြီးကြောင်း၊ ဘေးတိုက်ချိတ်ဆက်မှုသည် များပြားပြီး ဒေါင်လိုက်ချိတ်ဆက်မှုတွင် ၄ ဦးသာရှိကြောင်း၊ ဘေးတိုက်ချိတ်ဆက်မှုတွင် ဌာနမှူးများ အချင်းချင်း လုပ်ဆောင်မှုများရှိပြီး မိမိဌာနများ အလိုက် အဆင့်ဆင့် လုပ်ဆောင်ရကြောင်း၊ ဌာနများအနေဖြင့် အထက်အောက် ဂရုစိုက် လုပ်ဆောင်သွားကြရန် လိုအပ်ပြီး (SOP) အရ လုပ်ဆောင်သွားကြရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ရုံးလုပ်ငန်းနှင့် စီမံခန့်ခွဲမှုသည် ကောင်းမွန်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ဌာနအချင်းချင်းချိတ်ဆက်မှု အားကောင်းပါက  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် အားကောင်းလာမည်ဖြစ်ကြောင်း။


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့၏ အဓိကလုပ်ငန်းများဖြစ်သော ရေ၊ မီး၊ လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ လုံခြုံရေးလုပ်ငန်းများကအစ ပါဝင်လုပ်ဆောင်ရကြောင်း၊ ဌာနအချင်းချင်း ချိတ်ဆက်မှုအားကောင်းရန်လိုအပ်ပြီး ယခုအခါ မိုးရာသီကာလသို့ ရောက်ရှိလာပြီဖြစ်သဖြင့် လမ်းတံတား၊ ရေစီးရေလာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး၊ ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနများ ချိတ်ဆက်လုပ်ဆောင်သွားကြရန်လိုကြောင်း၊ ယင်းသို့ ချိတ်ဆက်မှုအားကောင်းပါက ရန်ကုန်မြို့အနေဖြင့် တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း။


ထို့ပြင် ရှိရင်းစွဲအဆောက်အအုံများ သစ်လွင်တောက်ပရေးသည်လည်း လိုအပ်ကြောင်း၊ ထို့ကြောင့် ဌာနမှူးများအနေဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးများကို ကြီးကြပ်လုပ်ဆောင်ပေးရန် လိုကြောင်း၊ COVID-19 ရောဂါ ဒုတိယလှိုင်းအား စည်းကမ်းတကျ ထိန်းချုပ်လုပ်ဆောင်နိုင်ရန်လိုအပ်ပြီး ရာသီဥတု ပြောင်းလဲမှုများအပေါ် ကြံ့ခိုင်သွားနိုင်ရန် လိုအပ်ကြောင်း၊ ထို့အပြင် စာတမ်းဖတ်ပွဲ(အလုပ်ရုံဆွေးနွေးပွဲများ)ကို ပြုလုပ်သွားရန်လိုကြောင်း၊ လုပ်ငန်းများပြီးမြောက်စေရန်လည်း လိုအပ်သည့် ဘတ်ဂျက်ငွေများကို အမြန်ဆုံး ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များ၊ ဌာနမှူးများ၊ လုပ်ငန်းတာဝန်ခံ အဖွဲ့များမှ အတွင်းရေးမှူးများက သက်ဆိုင်ရာအလိုက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ မြို့တော်ဝန်နှင့် အတွင်းရေးမှူးတို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး မြို့တော်ဝန်က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။


သတင်း - ကျော်စိုး၊ ဓာတ်ပုံ - ရွှေဝင်း






အခြားဆက်စပ်သတင်းများ