နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုဂံယဉ်ကျေးမှုနယ်မြေတွင် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ဆဲ စေတီတစ်ဆူသာကျန်ရှိ

ပုဂံ  ဩဂုတ်  ၅


၂၀၂၀ပြည့်နှစ်၊ ဇူလိုင် ၃၀ ရက်အထိ ပုဂံယဉ်ကျေးမှုနယ်မြေတွင် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ဆဲစေတီ ဘုရားတစ်ဆူသာကျန်ရှိနေပြီး ပြန်လည်ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရမည့် စေတီဘုရားများ မကျန်ရှိတော့ ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဩဂုတ် ၄ ရက်နေ့ ထုတ်ပြန်သတင်းများအရ သိရသည်။

 

၂၀၁၆ခုနှစ်၊ သြဂုတ် ၂၄ ရက်တွင် မြေငလျင်လှုပ်ခတ်မှုကြောင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံ ၃၈၉ ဆူပျက်စီးထိခိုက်မှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါငလျင်ဒဏ်သင့် ရှေးဟောင်း အဆောက်အအုံများနှင့် စေတီဘုရားများအား နိုင်ငံတကာပညာရှင်၊ ပြည်တွင်းပညာရှင်များ၏ညှိနှိုင်းဆွေးနွေးစိစစ်မှုအရ ပထမဦးစားပေးစေတီဘုရား ၃၆ ဆူ၊ ဒုတိယဦးစားပေးစေတီဘုရား ၅၃ ဆူနှင့် တတိယဦးစားပေးစေတီဘုရားအဆူ ၃၀ဝ ခွဲခြားသတ်မှတ်ကာ ပြန်လည်ပြုပြင် မွမ်းမံပြင်ဆင်ဆောင်ရွက် ခဲ့သည်။ ထိုသို့ပြန်လည်မွမ်းမံပြုပြင်ဆောင်ရွက်ရာတွင် UNESCO ၊ နိုင်ငံတကာပညာရှင်များ၊ ပြည်တွင်းပညာရှင် များ၏အကြံပြုချက်များ၊ Advisory Team ၊ Expert Team တို့၏ အကြံပြုဆွေးနွေးချက်များ၊ ငလျင်အလွန် ပြန်လည်ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းဆောင်ရွက်ခဲ့သည့် နည်းပညာဆိုင်ရာလုပ်ငန်းညှိနှိုင်းမှုဖိုရမ် (Technical Coordination Forum) နှင့် Bagan International Coordination Committee တို့၏ ဆွေးနွေး ညှိနှိုင်းချက်များ ကို လိုက်နာဆောင်ရွက်ကာ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် အညီဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် တတိယဦးစားပေးစေတီဘုရားအဆူ ၃၀ဝ အနက်  ၇၆ ဆူတို့ကို ပညာရှင်များ ဖိတ်ခေါ်၍ ဌာနကတိုက်ရိုက်ကြီးကြပ်ညှိနှိုင်းကာ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခဲ့ပြီး ကျန် ၂၂၄ ဆူကို အလှူရှင် များဖိတ်ခေါ်ပြုပြင်ထိန်းသိမ်းခဲ့ရာ ၂၀၁၇ ခုနှစ်၊ ဧပြီလတွင်လုပ်ငန်းများ ရာခိုင်နှုန်းပြည့်ဆောင်ရွက်ခဲ့ပြီဖြစ် သည်။ 


ထို့အတူ ပထမဦးစားပေးနှင့် ဒုတိယဦးစားပေးစေတီဘုရားများကိုလည်း ဆက်လက်ပြုပြင်ဆောင်ရွက်ခဲ့ရာ၂၀၂၀ ပြည့်နှစ် ဇူလိုင်လကုန်အထိ ပထမဦးစားပေးစေတီဘုရား ၃၆ ဆူမှ ၃၅ ဆူမှာပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ပြီးဖြစ်ကာကျန်ရှိနေသည့်စေတီဘုရားတစ်ဆူကိုလည်း ဆက်လက်ပြန်လည်ပြုပြင် ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ ဒုတိယဦးစားပေးစေတီဘုရား ၅၃ ဆူတွင်လည်း ၅၃ ဆူ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးဖြစ်သဖြင့် ဆက်လက်ပြုပြင်ဆောင်ရွက်ရန် စေတီဘုရားများမရှိတော့ပေ။ ထို့ကြောင့် ပုဂံယဉ်ကျေးမှုနယ်မြေတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့သည့် စေတီဘုရား ၃၈၉ ဆူ ပြန်လည်ပြုပြင်ဆောင်ရွက်ရန်စေတီ ဘုရားများမရှိတော့ဘဲ ဒုတိယဦးစားပေးစေတီဘုရားများမှ ဆက်လက်ပြုပြင်ဆောင်ရွက်နေသည့်  စေတီ ဘုရားတစ်ဆူတည်းသာကျန်ရှိနေသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၃၁ ရက်အထိ ငလျင်ဒဏ်သင့်စေတီ ဘုရားများမှ အနည်းငယ်သာ ထိခိုက်ပျက်စီးသောဘုရားပုထိုး ၂၂၄ ဆူနှင့် ရှေးမူမပျက်ထိန်းသိမ်းပြီးဖြစ်သော စေတီဘုရား ၁၆၄ ဆူ၊စုစုပေါင်း ၃၈၈ ဆူကို လုပ်ငန်းဆောင်ရွက်ပြီးဖြစ်ကာ တစ်ဆူကို ပြုပြင်ထိန်းသိမ်းရေး ဆက်လက်ဆောင်ရွက်ဆဲ ဖြစ်ကြောင်းသိရသည်။                                         


ကိုသစ္စာလှိုင်






အခြားဆက်စပ်သတင်းများ