ရန်ကုန် ဩဂုတ် ၅
မြန်မာအမျိုးသားလေကြောင်း (MNA)အနေနှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်ကာလအတွင်း မြန်မာနိုင်ငံ၊ ရန်ကုန်မြို့နှင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့အကြား ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ် (Relief Flight)များကို ဩဂုတ် ၁၄ ရက်တွင် ထပ်မံပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-နယူးဒေလီ၊ နယူးဒေလီ-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များ ထပ်မံပျံသန်းပြေးဆွဲရန် စီစဉ်ထားခြင်းဖြစ်ပြီး နေရပ်သို့ပြန်လိုကြသော မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများအတွက် အဆင်ပြေ စေရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ဒုတိယအကြိမ်မြောက် ရန်ကုန်-နယူးဒေလီ-ရန်ကုန် ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်အား ပျံသန်းပြေးဆွဲရန် စီစဉ်ရခြင်းဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်း(MNA)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုသို့ ပျံသန်းပြေးဆွဲရာတွင် ရန်ကုန်-နယူးဒေလီ Relief Flight သည် ဩဂုတ် ၁၄ ရက်၊ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စတင်ထွက်ခွာမည်ဖြစ်ပြီး နယူးဒေလီ-ရန်ကုန် Relief Flight မှာလည်း ဩဂုတ် ၁၄ ရက်၊ မွန်းလွဲ ၂ နာရီတွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှ စတင်ထွက်ခွာမည်ဖြစ်ကြောင်း၊ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များ ဖြစ်မြောက်ရေးအတွက် မြန်မာအမျိုးသားလေကြောင်း(MNA)နှင့်အတူ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ မြန်မာသံရုံးနှင့် ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးတို့မှလည်း ပူးပေါင်း ကူညီဆောင်ရွက်ကြကြောင်း သိရသည်။
ယင်း Relief Flight များတွင် သက်ဆိုင်ရာအာဏာပိုင်များက စစ်ဆေးဆောင်ရွက်ပြီး ခွင့်ပြုသူများကိုသာ ကန့်သတ်ထားသော ခရီးသည်အရေ အတွက်အတိုင်း လိုက်ပါစီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း၊ လေယာဉ်လက်မှတ် ဝယ်ယူလိုသူများနှင့် အသေးစိတ်အချက်အလက်များ သိရှိလိုသူများသည် MNA Call Center ဖုန်းနံပါတ် +951 378603-04-06-07 နှင့် +951 377840-41-42 တို့ကို ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
ထို့အပြင် မြန်မာအမျိုးသားလေကြောင်း(MNA)မှ ထပ်မံပြေးဆွဲပေးမည့် ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ်များအတွက်လည်း သက်ဆိုင်ရာအစိုးရဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ အတည်ပြုချက် များရရှိပါက ထပ်မံအသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
(ဆောင်းဦး)