နေပြည်တော်၊ ဩဂုတ် ၅
သောက်ရေသန့်လုပ်ငန်းများကို ရေသန့်ကွပ်ကဲမှု မူဝါဒ(၃)ရပ်ဖြင့် ချမှတ်ဆောင်ရွက်နေကြောင်း ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာန၏ ဩဂုတ် ၄ ရက် ထုတ်ပြန်သတင်းများအရ သိရသည်။
ယခုအခါ သောက်ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းများ တိုးတက်များပြားလာနေ သဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနှင့် အများပြည်သူမှ အန္တရာယ်ကင်းရှင်းသည့် ရေသန့်များကို ဝယ်ယူသောက်သုံးနိုင်ရေးအတွက် သောက်ရေသန့်လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲနိုင်ရန် ၂၀၁၇ ခုနှစ်၊ ဩဂုတ် ၄ ရက်တွင် သောက်ရေသန့်ကွပ်ကဲမှုမူဝါဒ(၃)ရပ်ကို ထုတ်ပြန်ညွှန်ကြားခဲ့သည်။
အဆိုပါ ရေသန့်ကွပ်ကဲမှုမူဝါဒ(၃)ရပ်အရ ရေသန့်လုပ်ငန်းများကို ထောက်ခံချက်မရှိသည့် ရေသန့်လုပ်ငန်း၊ ထောက်ခံချက်ရှိ သက်တမ်းကုန်ရေသန့်လုပ်ငန်းနှင့် ထောက်ခံချက်ရှိ သက်တမ်းရှိသော ရေသန့်လုပ်ငန်းဟူ၍ ခွဲခြားဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ဆောင်ရွက်မှုအရ သတ်မှတ်စည်းကမ်းများနှင့်ကိုက်ညီမှုမရှိသည့် ရေ သန့်လုပ်ငန်းများကို လုပ်ငန်းရပ်ဆိုင်းခြင်း၊ ကတိကဝတ်လက်မှတ်ရေးထိုးစေခြင်း၊ ဈေးကွက်မှပြန်ရုပ်သိမ်းခြင်း၊ ထောက်ခံချက်အတိုင်းလျှောက်ခိုင်းခြင်း စသည့် မူဝါဒများနှင့် အရေးယူဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် သောက်ရေသန့်လုပ်ငန်းများကို ဈေးကွက်သို့မတင်မီ Good Manufacturing Practice (GMP)နှင့်ညီညွတ်စွာ ထုတ်လုပ်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း၊ သောက်ရေသန့်နမူနာကောက်ယူဓာတ်ခွဲစစ်ဆေးခြင်း၊ အမှတ် တံဆိပ်သတ်မှတ်ချက်များနှင့်ညီ/မညီစစ်ဆေးခြင်း၊ လုပ်ငန်းများကိုဆောင်ရွက်ကာ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက သက်တမ်း(၂)နှစ်ရှိ အစားအသောက်ထုတ်လုပ်ခြင်း၊ ထောက်ခံချက်များထုတ်ပေးကြောင်း သိရသည်။
အဆိုပါသောက်ရေသန့်များ ဈေးကွက်တင်ပြီးနောက်ပိုင်းကာလများတွင်လည်း ဈေးကွက်နမူနာ ကောက်ယူ ဓာတ်ခွဲစစ်ဆေး၍ သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိပါက ဈေးကွက်မှပြန်လည်သိမ်းဆည်းဖျက်ဆီး စေခြင်း၊ ခံဝန်ကတိထိုး၍ ထုတ်လုပ်မှု ယာယီရပ်ဆိုင်းခြင်း၊ လိုက်နာမှုမရှိပါကအစားအသောက်ဥပဒေအရ တရားစွဲဆိုဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ဈေးကွက်ထောက်လှမ်းရေးလုပ်ငန်းစီမံချက်ကို ၂၀၂၀ ပြည့်နှစ် မတ်လ မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအထိ ရေးဆွဲထားပြီး တစ်တိုင်းပြည်လုံးအနေဖြင့် ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် သောက်ရေသန့်ဘူးများကို သိုလှောင်ထားရှိမှု၊ သောက်ရေသန့်ဘူးများသယ်ယူဖြန့်ဖြူးရောင်းချမှု ကဏ္ဍများနှင့် ပတ်သက်၍လည်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနေပြီး ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၁ ရက်တွင် သောက်ရေသန့်လုပ်ငန်းများကို ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်နှင့်အညီ ဆောင်ရွက်ရန်အတွက် လမ်းညွှန်ချက်များထုတ်ပြန်ပေးခဲ့ကြောင်း သိရသည်။
(ကိုသစ္စာလှိုင်)