ရန်ကုန် ဩဂုတ် ၅
အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း အတန်းအားလုံး ပြန်ဖွင့်ပါက ကျောင်းတက်ချိန် ပုံစံလေးမျိုးအနက် ကျောင်းအလိုက် သတ်မှတ်မည့် ကျောင်းတက်ချိန်ကို စီစဉ်ထားရန် ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားသည်။
အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ဆရာဦးရေ၊ ကျောင်းသားဦးရေ၊ စာသင်ခန်း၊ စာသင်ခုံအခြေအနေ အပေါ်မူတည်ပြီး ပုံမှန်၊ တစ်ပတ်ခြား၊ တစ်ပတ်ခြားနှစ်သုတ်တက်၊ တစ်ပတ်ခြား နှစ်သုတ်သုံးရက်တက်စသည့် ကျောင်းတက်ချိန်များ သတ်မှတ်ထားသည့်အတိုင်း စီစဉ်ဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာနက အခြေခံပညာဦးစီး ဌာနမှတစ်ဆင့် အခြေခံပညာကျောင်းများသို့ ညွှန်ကြားထားသည်။
မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်းနှင့် စာသင်ခန်း စုစုပေါင်းတို့ တွက်ချက်၍ စာသင်ခန်း၊ ကျောင်းသားအချိုးအရ ပုံမှန်တစ်ပတ်ခြား၊ တစ်ပတ်ခြားနှစ်သုတ်၊ တစ်ပတ်ခြားနှစ်သုတ် သုံးရက်တက်သည့်ကျောင်းများအဖြစ် ဆရာဦးရေ၊ စာသင်ခုံအခြေအနေအရ ပြန်လည်ပြင်ဆင်သတ်မှတ်ရန်နှင့် ကျောင်းတက်ချိန်၊ ကျောင်းဆင်း ချိန်ကိုလည်း စာသင်ချိန် တစ်ချိန်သာခြား၍ လူအုပ်စုမဖြစ်ပေါ်ရေး အလေးထားစီစဉ်ရန် လိုကြောင်း သိရသည်။
အထက်တန်းအဆင့် အတန်းများဖွင့်လှစ်ရာတွင် တွေ့ကြုံရသည့်လိုအပ်ချက်၊ အားနည်းချက်များကို အနည်းဆုံး တစ်လကြာပြင်ဆင်ပြီးမှသာ အလယ်တန်း၊ မူလတန်းများအား တစ်ဆင့်ချင်းစီ ဆက်လက်ဖွင့်နိုင်ရေး စီမံဆောင်ရွက်ရန် COVID -19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ညွှန်ကြား ထားကြောင်း အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောသည်။
မေဘယ်လ်အောင်