နေပြည်တော်၊ ဩဂုတ် ၅
COVID-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများအတွက် ဒုတိယအကြိမ် ချေးငွေကိုချေးငွေခွင့်ပြုရာတွင် ဦးရာလူထုတ်ပေးခြင်းမဟုတ်ဘဲ စာရွက်စာတမ်းပြည့်စုံမှု၊ ချေးငွေပြန်ဆပ်နိုင်မှု အပေါ် မူတည်၍ ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်း ရှင်များအသင်း၏ ဩဂုတ် ၄ ရက် ထုတ်ပြန်သတင်းများအရ သိရသည်။
COVID-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများအတွက် နိုင်ငံတော်အစိုးရ၏ ဒုတိယအကြိမ် COVID-19 ချေးငွေများကို ကုန်သည်စက်မှုအသင်းချုပ်ရုံးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ကုန်သည်စက်မှုအသင်းများတွင် စတင်လျှောက်ထားနိုင်ပြီဖြစ်သည်။
အဆိုပါချေးငွေများကို COVID-19 ကြောင့် ထိခိုက်မှုဖြစ်ပွားခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများ၊ ပြည်ပပို့ကုန်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန်အစားထိုးပစ္စည်း ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်တွင်းထုတ်လုပ်မှုမှ ပြည်ပတင်ပို့သည်အထိ ထုတ်လုပ်မှုကွင်းဆက် (Supply Chain)တစ်လျှောက် ပါဝင်ဆောင်ရွက်သည့်လုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်သည့် ကုန်ထုတ် လုပ်ငန်းများ၊ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းများ ကို ထုတ်ချေးပေးသွားမည်ဖြစ်သည်။
အဆိုပါချေးငွေများကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၂၉ ရက်မှ ဩဂုတ် ၁၀ ရက် ညနေ ၄ နာရီခွဲအထိ နောက်ဆုံးထား ကာ ကုန်သည်စက်မှုအသင်းချုပ်ရုံးတွင် လျှောက်ထားနိုင်သည်။ အဆိုပါချေးငွေများကို ခွင့်ပြုရာတွင် ဦးရာလူ ထုတ်ပေးခြင်းမဟုတ်ဘဲ စာရွက်စာတမ်းပြည့်စုံမှု၊ ချေးငွေပြန်ဆပ်နိုင်မှုအပေါ်မူတည်၍ ခွင့်ပြုပေးခြင်း ဖြစ်သဖြင့် အလျင်စလို လာရောက်လျှောက်ထားခြင်းမပြုဘဲ လိုအပ်သည့်စာရွက်စာတမ်းများ ပြည့်စုံအောင် ဖြည့်ဆည်း ပြီးမှသာ လျှောက်ထားကြရန် သတင်းထုတ်ပြန်ပေးခြင်းဖြစ်သည်။
အဆိုပါ ဒုတိယအကြိမ် ချေးငွေများကို ပထမအကြိမ် COVID-19 ချေးငွေရရှိထားပြီးသူများအနေဖြင့် ထပ်မံလျှောက်ထား၍မရနိုင်ကြောင်း သိရသည်။
(ရွှေဒုံသစ္စာ)