ရန်ကုန် ဩဂုတ် ၅
အိန္ဒိယနိုင်ငံဘက်မှ သတ်မှတ်ထားသည့် မတ်ပဲတန်ချိန်လေးသိန်းကို ဩဂုတ်လအတွင်း တင်ပို့ရန် အခက်အခဲရှိနေသောကြောင့် အချိန်တိုးပေးရန် တောင်းဆိုထားကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည် များအသင်းမှ သိရသည်။
အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါ ဖြစ်ပွားမှုမြင့်တက်နေခြင်းကြောင့် ယင်းတို့အစိုးရမှ ပဲဝယ်ယူမှုနှင့် ပတ်သက်၍ ခွဲတမ်းစနစ်ဖြင့် ချပေးမှုတွင် လိုင်စင်လျှောက်ထားရာ၌ အခက်အခဲရှိသဖြင့် မြန်မာဘက်သို့ ပဲမှာယူမည့် ကုမ္ပဏီများအနေဖြင့် ကြန့်ကြာမှုများ ကြုံတွေ့နေရသောကြောင့် သတ်မှတ်ထားသည့် တန်ချိန်ကို ဩဂုတ်လအတွင်း တင်ပို့ရန်မှာ အခက်အခဲများ ရှိကြောင်း သိရသည်။
"အခု အိန္ဒိယကို ပဲတွေ သွားမယ်ဆိုရင်တောင် သင်္ဘောမောင်းချိန်က နှစ်ပတ်လောက် ကြာဦးမယ်။ ဩဂုတ်လလယ်လောက် မြန်မာနိုင်ငံကထွက်မှ ဟိုဘက်ကို လကုန်ပိုင်းလောက် ရောက်နိုင်မယ်။ ဒီအချိန် လောက်နဲ့တော့ ကျန်တဲ့တန်ချိန်ကို မတင်ပို့နိုင်လောက်ဘူး။ အိန္ဒိယဘက်မှာလည်း လိုင်စင်တွေကို စိစစ် ချပေးနေတာကြောင့် လိုင်စင်တွေလည်း မထွက်ဘူးဆိုတာ သိရတယ်။ အချိန် နှစ်ပတ်လောက်နဲ့တော့ ကျန်တဲ့ပမာဏကို တင်ပို့နိုင်ဖို့ ခက်မယ်"ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦး က ပြောသည်။ COVID-19 အခြေအနေကြောင့် လက်ရှိတွင် အိန္ဒိယဘက်မှ မြန်မာ့ပဲဝယ်ယူမှု ကြန့်ကြာလျက်ရှိပြီး အိန္ဒိယသို့ ဩဂုတ်လကုန်အထိ ဆိပ်ကမ်းအရောက်ကို တန်ချိန်တစ်သိန်းခန့်ဖြင့် ၂၅ ရာခိုင်နှုန်းခန့်သာ တင်ပို့နိုင်မည်ဟု ခန့်မှန်းထားသည်။
ပဲတင်ပို့သည့် ကာလကို လာမည့် ၂၀၂၁ ခုနှစ်၊ မတ်လအထိတိုးမြှင့်ပေးပါက အဆင်ပြေနိုင်ပြီး တင်ပို့ခွင့်ကာလကို တိုးမြှင့်ပေးရန် သက်ဆိုင်ရာဝန်ကြီးဌာနများမှတစ်ဆင့် တင်ပြမှုများ ပြုလုပ်နေသော်လည်း လက်ရှိအချိန်အထိ ထူးခြားမှု မရှိသေးကြောင်းသိရသည်။ အိန္ဒိယအစိုးရအနေဖြင့် ယခင်က ပြည်ပမှတင်သွင်းမည့် မတ်ပဲတန်ချိန် လေးသိန်းကို လာမည့် ၂၀၂၁ ခုနှစ်၊ မတ်လအတွင်း အပြီးတင်သွင်းရမည် ဟု ကြေညာခဲ့သော်လည်း ပြီးခဲ့သည့် မေလ ၂၂ ရက်က အချိန်သုံးလအတွင်း အပြီးတင်သွင်းရမည် ဟု အသိပေးစာထုတ်ပြန်၍ မူဝါဒထပ်မံ ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
မေဘယ်လ်အောင်