ဩဂုတ် ၅၊ ဘေရွတ်
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ပေါက်ကွဲမှုအကြီးအကျယ် ဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၇၈ ဦး သေဆုံးခဲ့ပြီး လူ ၄၀၀၀ ကျော် ဒဏ်ရာရခဲ့သည်။ ပြီးခဲ့သည့်အင်္ဂါနေ့က ဘေရွတ်မြို့ဆိပ်ကမ်းတွင် မီးလောင်ရာမှတစ်ဆင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် ဘေရွတ်မြို့တစ်မြို့လုံး တုန်ခါခဲ့သည်။ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ဂိုဒေါင်အတွင်း အမိုးနီးယန်းနိုက်ထရိတ်(ammonium nitrate) တန်ချိန် ၂၇၅၀ ကို ဘေးကင်းလုံခြုံမှုမရှိသည့် အခြေအနေဖြင့် သိုလှောင်ထားခြင်းမှာ ၆ နှစ်ကြာမြင့်နေပြီဖြစ်ကြောင်း လက်ဘနွန်သမ္မတ အေအွန်က ပြောသည်။ ၂၀၁၃ ခုနှစ်က ဘေရွတ်ဆိပ်ကမ်းကို ဆိုက်ကပ်ခဲ့သည့် သင်္ဘောတစ်စင်းပေါ်မှ အမိုးနီးယန်းနိုက်ထရိတ် ဓာတုကွန်ပေါင်းများ ချခဲ့ပြီးနောက် ဂိုဒေါင်အတွင်း သိမ်းဆည်းထားခြင်းဖြစ်သည်။
သမ္မတ အေအွန်က သြဂုတ်လ ၅ ရက်တွင် အရေးပေါ်ဝန်ကြီးများအစည်းအဝေး ခေါ်ယူထားပြီး အရေးပေါ်အခြေအနေကို ရက်သတ္တ ၂ ပတ်ကြာ ကြေညာသင့်သည်ဟု ဆိုသည်။ သြဂုတ်လ ၅ ရက်ကစပြီး လက်ဘနွန်နိုင်ငံတွင် ဝမ်းနည်းခြင်း အထိမ်းအမှတ် သုံးရက်ကြာ ပြုလုပ်သွားမည်ဖြစ်သည်။ လက်ဘနွန်အစိုးရက အရေးပေါ်ရန်ပုံငွေအဖြစ် လီရာ ၁၀၀ ဘီလျံ ( အမေရိကန်ဒေါ်လာ ၆၆ သန်း) ချထားပေးမည်ဟု သမ္မတ အေအွန်က ကြေညာခဲ့သည်။ ပေါက်ကွဲမှုဖြစ်ပွားရသည့် အဓိကအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေသည်ဟု လက်ဘနွန်နိုင်ငံ အရာရှိများက ပြောသည်။ အဆိုပါဖြစ်ရပ်အတွက် တာဝန်ရှိသူများကို အမြင့်ဆုံးပြစ်ဒဏ်ချမှတ်သွားမည်ဟု လက်ဘနွန်နိုင်ငံ ထိပ်တန်းကာကွယ်ရေးကောင်စီက ပြောသည်။
Ref:BBC(KNT)