နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိဟောင်း ဒေါက်တာတင်မာအောင် ရွေးကောက်ပွဲဝင်မည်

ရန်ကုန်  ဩဂုတ်  ၄


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိဟောင်း ဒေါက်တာ တင်မာအောင်က လာမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ရွေးကောက်ပွဲတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားပြုပြီး တောင်ကုတ်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၂)၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်က စတင်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တွင်အဖွဲ့ဝင်ထားခြင်းဖြစ်ပြီး၊ ပါတီ၏ တာဝန်ပေးချက်အရ ယခုရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ALD ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ ဗဟိုဥက္ကဋ္ဌ ဦးဦးလှမြင့်က ပြောသည်။

ဒေါက်တာတင်မာအောင် ဝင်ရောက်ယှဉ်ပြိုင်မည့် တောင်ကုတ်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၂) နေရာကို ANP ရခိုင်အမျိုးသားပါတီမှ ဒေါ်ခင်မျိုးရင်က ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်း သိရသည်။

ဒေါက်တာတင်မာအောင်က ရခိုင်ပြည်နယ်တွင် ပညာရေး၊ ကျန်းမာရေးကူညီနေသော ဒေါက်တာ စောမြအောင် ဖောင်ဒေးရှင်း၏ အတွင်းရေးမှူးဖြစ်ကြောင်း သိရသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ကို ၁၉၈၉ ခုနှစ်တွင် ဒေါက်တာတင်မာအောင်၏ ဖခင် ဒေါက်တာစောမြအောင် က ဥက္ကဋ္ဌအဖြစ် တာဝန်ယူတည်ထောင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲက ၁၁ နေရာအနိုင်ရခဲ့ကြောင်း သိရသည်။

ရခိုင်အမျိုးသားပါတီ ANP မှ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၇ မြို့နယ်လုံးရှိသော မဲဆန္ဒနယ် မြေတိုင်းတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး စုစုပေါင်းကိုယ်စားလှယ်လောင်း ၆၃ ဦးရှိကြောင်း၊ သြဂုတ် ၂ ရက်က ယင်းတို့ပါတီ၏ ကိုယ်စားလှယ်လောင်းအမည်စာရင်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

လက်ရှိပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဦးဖေသန်းနှင့် ဒေါ်ခင်စောဝေတို့လည်း ANP ပါတီက ရွေးကောက်ပွဲပြန်ဝင်ကြမည်ဖြစ်ကြောင်း သိရသည်။                               


မြင့်မြတ်အောင်မြင်






အခြားဆက်စပ်သတင်းများ