နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗဟိုစံပြငါးဈေးကြီးတွင် ကိုဗစ်ကာလအတွင်း ရေလမ်းကြောင်းကုန်အဝင်ဖြင့်သာ လည်ပတ်နေရ၍ ငါးဒိုင်များ အခက်အခဲများစွာဖြစ်ပေါ်

ရန်ကုန်၊  ဩဂုတ်  ၄


   ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးကြီးတွင် ကိုဗစ်ကာလ ကုန်းလမ်းကြောင်းမှ ငါး၊ ပုစွန် အဝင်ကို ပိတ်ကာ ရေလမ်းဖြင့်သာ ကုန်သွယ်ရောင်းဝယ်ခွင့်ပြုထား၍ ငါး၊ပုစွန်နှင့် ရေထွက်ကုန် လက်လီ/လက်ကားဒိုင်ကြီးများအတွက် ခက်ခဲစွာ ရောင်းဝယ်နေရကြောင်း ထိုစံပြငါးဈေး ရောင်း/ဝယ်ရေးဒိုင်များထံမှ သိရသည်။

  ရေလမ်းမှဝင်ရောက်မှုသည် ယခုကာလတွင် နေ့စဉ် စက်လှေတစ်စင်းလျှင် ကုန်ချိန်ပိဿာ ရှစ်ထောင်ဖြင့် ၆ စင်းခန့်သာ ဝင်ရောက်သောကြောင့် ကုန်ချိန် လေးသောင်းဝန်းကျင်ခန့်သာရှိသည်။ ယခင် ဗဟိုစံပြငါးဈေးကြီးသို့ ကုန်းလမ်းမှ နေ့စဉ် ငါး၊ ပုစွန် ကုန်ချိန် ငါးသိန်းခန့် ဝင်ရောက်နေကြောင်း၊ ကုန်းလမ်းကိုသာ အဓိကထား ဆောင်ရွက်နေရသော ဈေးကြီးဖြစ်ကြောင်း ဈေးသာယာရေးကော်မတီရုံးမှ သိရသည်။

"စံပြငါးဈေးကြီးအနေနဲ့က အခု ကိုဗစ်ကာလမှာ ရေလမ်းကနေလာတဲ့ ရေထွက်ကုန်တွေကိုပဲ ရောင်း နေရပါတယ်။ ကုန်းလမ်းကလာတဲ့ ငါးတွေ၊ ပုစွန်တွေကတော့ ရွှေပိတောက်ငါးဈေးမှာ သွားရောင်းရတယ်။  အဲဒီအတွက် အဆင်မပြေဘူးပေါ့။ ကျွန်မတို့ဆိုရင် ရေလမ်း/ကုန်းလမ်းနှစ်မျိုးကနေလာတဲ့ ငါးဒိုင်တွေဖြစ်တော့  ရေလမ်းက စက်လှေတွေကို စံပြဈေးမှာ ကုန်းလမ်းကဝင်တဲ့ငါးတွေကို ဟိုဘက် ရွှေပိတောက်ဈေးမှာ ရောင်းရတယ်။ အလုပ်သမားတွေခွဲပြီး ဟိုဘက်မှာထားရတော့ အလုပ်သမားနှစ်ဆသုံးရတယ်။ စရိတ်တွေ လည်း နှစ်ဆပိုကုန်နေတယ်။ တချို့ကုန်သည်တွေ ကိုယ့်ကိုယ်ကိုယ်အားကိုးပြီး ကုန်းလမ်းကလာတယ်။ တစ်ချိန်တည်း ရောင်းရတာဖြစ်ပြီး ဟိုဘက်ကို ကိုယ်လည်း မသွားနိုင်ဘဲ လက်ထောက်နဲ့လွှဲထားတော့ အခက်အခဲတွေ ဖြစ်တယ်။ တချို့ကုန်သည်တွေဆိုရင် လက်လွှတ်လိုက်ရတာတွေရှိနေတယ်"ဟု ဗဟိုစံပြငါးဈေးမှ ငါးဒိုင် လုပ်ငန်းရှင် ဒေါ်အိအိချောက ပြောသည်။

ထိုစံပြငါးဈေးကြီးသည် ယခင် နယ်မှလာရောက်ကြသော ပျံကျဈေးသည်နှင့် အကျိုးဆောင်များမပါ  အမာခံသားငါးများ ရောင်းဝယ်ဖောက်ကားဖြန့်ချိနေသော မွေးမြူရေးနှင့် ကန်ငါးရောင်းချသည့် ဒိုင် ၅၀ ခန့် အပါအဝင် စုစုပေါင်း ငါးဒိုင် ၁၄၆ ဒိုင်ရှိပြီး နိုင်ငံတော်ကို တရားဝင်အခွန်အခများပေးဆောင်နေသော ဒိုင်များ ဖြစ်ကြောင်း သိရသည်။ နေ့စဉ် ကုန်စည်စီးဆင်းမှုအနေဖြင့် ကုန်းလမ်းမှ ရေချိုငါး ကုန်ချိန် လေးသိန်းမှ ငါးသိန်း အထိ ရောက်ရှိနေပြီး ရေငန်ငါးများလည်း ဝင်ရောက်နေကြောင်း သိရသည်။ နယ်ပို့အနေဖြင့် နေ့စဉ် ကုန်ချိန် တစ်သိန်းမှ နှစ်သိန်းအကြားရှိကြောင်း သိရသည်။ ယခုအခါတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ကိုဗစ်ကာလ ကာကွယ် ထိန်းချုပ်မှုစည်းမျဉ်းစည်းကမ်းများအကြား အခက်အခဲများစွာဖြင့် ဖြတ်သန်းနေရကြောင်း စံပြငါးဈေး ရောင်းဝယ်ရေးဒိုင်များထံမှ သိရသည်။

ယခုအခါ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ဗဟိုစံပြငါးဈေးကြီး၌ လူစုလူဝေးများလျော့နည်းရန်နှင့် ကုန်စည်ပြတ်လပ်မှုမရှိစေရေးတို့ အတွက် ဈေးဝယ်ယာဉ်နှင့် Jetty အအေးခန်းယာဉ်များဝင်ရောက်ခြင်းကို YCDC ဈေးများဌာနမှ ညှိနှိုင်း မေတ္တာရပ်ခံမှုအဖြစ် ဧပြီ ၂၄ ရက် နံနက် ၅ နာရီမှ စတင်ကာ ကန့်သတ်လိုက်ခြင်းဖြစ်သည်။ သို့သော်လည်း ကုန်စည်စီးဆင်းမှုကိုမထိခိုက်စေရန် အရှင်းပိတ်သိမ်းလိုက်ခြင်းမဟုတ်ဘဲ ရေလမ်းကြောင်းဖြင့် ငါးတင်ပို့မှုကို ခွင့်ပြုပေးထားကြောင်း သိရသည်။

ကုန်လမ်းဝင်ရောက်မှုကိုထိန်းချုပ်ရန် ဗဟိုစံပြငါးဈေးကြီး၌ ဝင်ပေါက်/ထွက်ပေါက်များတွင် စည်ပင်သာယာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲဝင်များနှင့် ဈေးသာယာရေးကော်မတီဝင်များ စုပေါင်းကာ ငါးကား၊ ရေခဲတင်ကားများကို ငါး၊ပုစွန်ကုန်စည်မပါဘဲ အဝင်ခံပြီး စစ်ဆေးမှုများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ဗဟိုစံပြငါးဈေးသာယာရေးကော်မတီရုံးမှ သိရသည်။

(မင်းခ)






အခြားဆက်စပ်သတင်းများ