ဩဂုတ် ၄
ဒီနှစ်စီးရီးအေမှာ ဂျူဗင်တပ်အသင်းကို ဖိအားပေးနိုင်နေတာကတော့ လာဇီယိုအသင်းပါ။ ၂၀၁၆ ခုနှစ် နောက်ပိုင်းကတည်းက ချန်ပီယံလိဂ်နဲ့ ဝေးကွာနေရာမှခုတော့ စီးရီးအေမှာ ချန်ပီယံလိဂ်ဝင်ရောက်ယှဉ်ပြိုင်ခွင့်နေရာ ရောက်ရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါပြီ။
အသင်းရဲ့ ခုလိုအခြေအနေကောင်းတွေ ပိုင်ဆိုင်ရတာဟာ လာဇီယိုတစ်သင်းလုံး စည်းလုံးညီညွတ်လို့၊ စွမ်းစွမ်းတမံ ကြိုးစားကြလို့ပါပဲ၊ နောက်အသင်းရဲ့ဂိုးသွင်းစက်ကြီးလို့ပြောလို့ရလောက်တဲ့ အင်မိုဘီလီရဲ့ အဆက်မပြတ် ဂိုးတွေသွင်းယူနေတာကလည်း အသင်းအောင်မြင်မှုမှာ တိုက်ရိုက်ပတ်သက်နေပါတယ်။
အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ချီရိုအင်မိုဘီလီဟာ လာဇီယိုအတွက် စီးရီးအေသွင်းဂိုး ၃၆ ဂိုးသွင်းပေးခဲ့ပြီး ပြိုင်ပွဲစုံမှာဆိုရင် ၄၄ ပွဲမှာ ၃၉ ဂိုးထိသွင်းခဲ့ပါတယ်။ အင်မိုဘီလီရဲ့ စီးရီးအေ ၃၆ ဂိုးသွင်းဂိုးဟာ ဘိုင်ယန်မြူးနစ် အသင်းရဲ့တိုက်စစ်မှူးကြီး ရောဘတ်လီဝမ်ဒေါစကီးရဲ့ ၃၄ ဂိုးကို ကျော်လွန်ပြီး ၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ ဥရောပရွှေဖိနပ်ဆုကိုပါ ဆွတ်ခူးနိုင်ခဲ့တာပါ။ ဒီဆုကိုတော့ အင်မိုဘီလီရဲ့ ပထမဆုံးအကြိမ်ရရှိခဲ့တဲ့ဆု ဖြစ်ပါ တယ်။ ဒီဥရောပရွှေဖိနပ်ဆုဟာ စပိန်လာလီဂါ ကစားသမားတွေက ဆယ်စုနှစ်တစ်စုလောက်ကို ရယူထား ကြတာပါ။ ဒီနှစ်မှာတော့ အီတလီစီးရီးအေက ပိုင်ဆိုင်ရရှိခဲ့ပါတယ်။
ဒါ့အပြင် အီမိုဘီလီဟာ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီက နာပိုလီတိုက်စစ်ကစားသမားဟောင်း ဂွန်ဇာလိုဟီဂွာအင် ရရှိထားတဲ့ တစ်ရာသီအတွင်း စီးရီးအေ ဂိုးသွင်းအများဆုံးစံချိန် ၃၆ ဂိုးကို အမှီလိုက်နိုင်ခဲ့ပါပြီ။ ဂိုးသွင်းစွမ်းဆောင်ရည်တွေ ပြည့်ဝနေတဲ့ အင်မိုဘီလီကို မန်ယူ၊ အဲဗာတန်၊ အင်တာအသင်းတွေက ခေါ်ယူဖို့စိတ်ဝင်စားနေပေမယ့် အင်မိုဘီလီကတော့ လာမယ့်ရာသီ လာဇီယိုမှာပဲဆက်ရှိနေမှာပါတဲ့ဗျာ။
(SO)