ရန်ကုန် ဩဂုတ် ၃
ကျန်းမာခြင်းသည် တန်ဖိုးမဖြတ်နိုင်သော လာဘ်ကြီးတစ်ပါးဖြစ်သည်။ လူတိုင်းကျန်းမာနေပါမှ အသက်ရှင် ရပ်တည်နေနိုင်မည်ဖြစ်ပြီး အလုပ်ကို ကိုယ်စွမ်းရှိသမျှ လုပ်ကိုင်နိုင်မည်။ လူတိုင်းအသက်ရှင်ရပ်တည်နိုင်ရေး အတွက် အခြေခံအကျဆုံးသည် ကျန်းမာရေးစောင့်ရှောက်မှုပင်ဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှုကို မိမိ ကိုယ်တိုင်ဆောင်ရွက်နိုင်မှသာ တစ်ကိုယ်ရေးကျန်းမာသန့်ရှင်းမည်ဖြစ်သည်။
မိမိကျန်းမာရေး၊ မိသားစုကျန်းမာရေး၊ ရပ်ရွာလူထု၏ကျန်းမာရေး၊ ရောဂါကာကွယ်ရေးတို့ကို စွမ်းအားရှိ သမျှ ဆောင်ရွက်သွားရမည်ဖြစ်သည်။ အိမ်ရှင်မတိုင်းက မိသားစုကျန်းမာပျော်ရွှင်စွာရပ်တည်နိုင်ရန် ထိန်းကျောင်းရာတွင် မိမိခန္ဓာကိုယ်၊ မိမိအိမ်နှင့် အိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားခြင်း၊ အာဟာရ မျှတစွာ စားသုံးနိုင်ရေး စီမံခြင်း၊ သားသမီးများကို အရွယ်အလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ရာသီအလိုက် ဖြစ်ပေါ်တတ်သော ရောဂါများကို သိရှိနားလည်ပြီး အလေးထား စီမံဆောင်ရွက်ကြရသည်။
ရောဂါဖြစ်မှ ကုသခြင်းထက် ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းသည် ပိုမိုထိရောက်သည်။ သန့်ရှင်းမှု မရှိခြင်းကြောင့် ရောဂါပိုးမွှား ကူးစက်နိုင်သည်။ မိသားစုနေအိမ်သန့်ရှင်းရေးနှင့် အစားအစာသန့်ရှင်းရေး တစ်ကိုယ်ရေသန့်ရှင်းရေးစသည်တို့ကို တစ်ဦးချင်း၊ တစ်ယောက်ချင်း အလေးထားဂရုပြုဆောင်ရွက်သွားကြရမည် ဖြစ်သည်။
မိမိအိမ်တွင်းသန့်ရှင်းရုံသာမက အိမ်ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုသည်လည်း အရေးပါရာ ရပ်ရွာတစ်ခွင် သန့်ရှင်းကျန်းမာသော မိသားစုဘဝများ တည်ဆောက်ရာတွင် အထောက်အပံ့ဖြစ်သည်။ ရန်ကုန်မြို့တော်ရှိ အချို့သောရပ်ကွက်ကြီးများတွင် စုပေါင်းအထူးသန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိသည်။
ကျန်းမာရေးစောင့်ရှောက်မှုတွင် နိုင်ငံတစ်ဝန်း ကျေးလက်ကျန်းမာရေးဆေးပေးခန်းများ၊ ဒေသန္တရ ကျန်းမာရေးဌာနများဖွင့်လှစ်ပြီး ဆေးကုသမှုပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်လျက် ရှိရာ အိမ်ရှင်မများ လိုက်နာကျင့်သုံးသည်နှင့်အမျှ အကျိုးဖြစ်ထွန်းမည်ဖြစ်သည်။ လူတိုင်းရောဂါ ဘယကင်းဝေး ရေးအတွက် တစ်ဦးချင်းမှ အစပြုပြီး မိသားစု၊ ရပ်ရွာဒေသအားလုံးက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို အလေးထား ဆောင်ရွက်စေချင်ကြောင်း ။ ။