နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စေတနာ့ဝန်ထမ်း Volunteer များကို စီမံကိန်းဖြင့် စောင့်ရှောက်သွားမည်

ရန်ကုန် ဧပြီ ၁၅ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်လျက်ရှိသည့် တစ်နိုင်ငံလုံးရှိ Volunteer များကို နိုင်ငံတော်မှ စီမံကိန်းတစ်ခုချမှတ်၍ ကြည့်ရှုစောင့်ရှောက်သွားမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အသိပေးပြောကြားလိုက်သည်။ မွန်ပြည်နယ်မှ ပြည်သူများနှင့် အပြန်အလှန်ဆွေးနွေးခြင်းအစီအစဉ်ကို ဧပြီ ၁၅ ရက်၊ နံနက် ၁၀ နာရီက အတိုင်ပင်ခံပုဂ္ဂိုလ်၏ Facebook Account တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့ရာ ယင်းအစီအစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ''နိုင်ငံတော်ကနေ စီမံကိန်းတစ်ခုအနေနဲ့ Volunteer တွေကို ကြည့်ရှုစောင့်ရှောက်ဖို့ အမေတို့ လုပ်ပါမယ်။ အမြန်ဆုံးပေါ့နော်။ ဘယ်လိုပုံစံနဲ့ အကောင်းဆုံးစောင့်ရှောက်နိုင်မလဲ၊ ပံ့ပိုးပေးနိုင်မလဲဆိုတာကိုတော့ အစီအစဉ် ချပြီး ကူညီပေးပါမယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ မြန်မာနိုင်ငံအတွင်းရှိ Quarantine စင်တာများတွင် Volunteer အများစုမှ ပါဝင်ကူညီဆောင်ရွက်လျက် ရှိရာ တချို့သော Volunteer များကို သက်ဆိုင်ရာရပ်ကွက်နေပြည်သူများက ရပ်ကွက်တွင်း အဝင်မခံခြင်း၊ ရှောင်ဖယ်ခြင်းများရှိသည့်အတွက် ယခုကဲ့သို့ ကူညီရန် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ''Volunteer တွေကို အဲဒီလို မဆက်ဆံကြပါနဲ့။ ရပ်ကွက်က မကြည့်ဘူးဆိုရင် နိုင်ငံတော်ကကြည့်ပါမယ်။ တစ်နိုင်ငံလုံးက Volunteer တွေကို နိုင်ငံတော်ကိုယ်စား အမေက အသိအမှတ်ပြုပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်း လုံလောက်မှုမရှိခြင်းနှင့် အချိန်ကြာလာသည်နှင့်အမျှ အင်မတန်မှ ပင်ပန်းလာကြခြင်းတို့ကြောင့် Volunteer များကိုလည်း အားကိုးနေရသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ယခုကဲ့သို့ Volunteer များကို ကြည့်ရှုစောင့်ရှောက်သွားမည့်အပြင် ရှေ့တန်းမှ ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများ၏ အစားအသောက်အနေအထိုင်ကိစ္စများကိုလည်း နိုင်ငံတော်မှ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ယင်းဆွေးနွေးပွဲမှ သိရသည်။ ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ