နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟုမ်းစတေးကာလမှာပင် ကိုယ်လက်လှုပ်ရှားစေချင်

ဧပြီ ၁၅ မတ်လ (၃) ရက်နေ့က မြန်မာတိုင်းမ်သတင်းစာတွင် “လော့ဒေါင်းကာလမှာတောင် ခြံထဲ မာရသွန်ပတ်ပတ်ပြေးတဲ့ ဗြိတိန်နိုင်ငံသား” အကြောင်း ရေးသားဖော်ပြထားသည်ကို ဖတ်လိုက်ရသည်။ COVID-19 ကြောင့် လော့ဒေါင်းကြုံနေရသည့်တိုင် ခြံထဲမှာ မာရသွန်ပတ်ပြေးသည့် ဗြိတိန်သားတစ်ယောက် ရှိသည်။ ထိုသူမှာ ပရော်ဖက်ရှင်နယ် လှံပစ်ကစားသမားဟောင်း ဂျိမ်းစ်ကမ့်ဘဲလ်ဖြစ်ပြီး သူ၏ အသက် (၃၂) နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် ပေ ၂၀ အလျားရှိသည့် နောက်ဖေးခြံကွက်လပ်အတွင်း မာရသွန် ပတ်ပြေးခဲ့ခြင်းဖြစ်သည်။ ယင်း၏ တွစ်တာပို့စ်ကို တစ်ဆင့်ပြန်တွိဒ်လုပ်သူ တစ်သောင်းပြည့်လျှင် ခြံထဲပတ်ပြီး မာရသွန်ပြေးမည်ဟု စိန်ခေါ်ခဲ့ရာ တစ်သောင်း တကယ်ပြည့်သွားသဖြင့် မာရသွန်ပတ်ပြေးခြင်းဖြစ်သည်။ မာရသွန်ပတ်ပြေးနေပုံ ကို ဆိုရှယ်မီဒီယာပေါ် တိုက်ရိုက်ဗီဒီယိုလွှင့်ကာ COVID-19 ပရဟိတရန်ပုံငွေ အလှူခံခဲ့ရာ ငါးနာရီကျော်ကြာ မာရသွန်ပတ်ပြေးပြီးသည်တွင် အလှူငွေ ဒေါ်လာ ၂၂၀ဝ၀ ထိ ရရှိခဲ့သည်။ အလှူခံရရှိငွေများကို ကျန်းမာရေးဝန်ကြီးဌာနသို့ လှူဒါန်းမည်ဟု ဆိုသည်။ မာရသွန်အကွာအဝေး ၄၂ ဒသမ ၂ ကီလိုမီတာ (၂၆ ဒသမ ၂ မိုင်) ရောက်ရှိရန် ကမ်ဘဲ့လ်သည် ခြံထဲတွင် အကြိမ် ၇၀ဝ၀ ထက်မနည်း ခေါက်တုံ့ခေါက်ပြန်ပြေးခဲ့ရကြောင်း သိရသည်။ မှန်ပါသည်။ ဘဝမှာ ကြုံလာသည့်အခြေအနေကို အကောင်းဆုံးအသုံးချတတ်ရန် လိုအပ်ပေသည်။ စာရေးသူလည်း ထိုသတင်းဖတ်ရှုပြီးနောက် ဤဆောင်းပါးရေးချင်စိတ် ဖြစ်ပေါ်လာမိသည်။ စာရေးသူတို့ မြန်မာနိုင်ငံတွင်လည်း COVID-19 ကူးစက်ရောဂါကင်းဝေးစေရေး မိမိကစတင်ပြီး သတိပြုကာကွယ်သည့် အနေဖြင့် အရေးကြီးကိစ္စမှလွဲ၍ အိမ်ထဲတွင်သာ နေကြရသည်။ မတ်လကုန်ခါနီးမှစ၍ ရန်ကုန်မြို့လမ်းမထက် သွားလာမှု သိသိသာသာလျော့ကျသွားသည်။ ရန်ကုန်တိုင်း တစ်တိုင်းလုံး ဧပြီလ ၁၀ ရက် မှ ၁၉ ရက်နေ့အထိ Home Stay ပြုလုပ်မည်ဖြစ်၍ မဖြစ်မနေ ဈေးဝယ်ခြင်းနှင့် ကျန်းမာရေးကိစ္စများမှလွဲ၍ နေအိမ်ပြင်ပသို့မထွက်ရန် တိုင်းအစိုးရကစီစဉ်နေပြီး ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြရန် နှိုးဆော်ထားကြောင်း သိရသည်။ ယခင်ကတည်းက အိမ်တွင်သာ အနေများပြီး ပြင်ပအသွားအလာ များများစားစား မရှိသူများအနေဖြင့် Home Stay နေထိုင်ခြင်းက ထူးခြားမှုမရှိလှသော်လည်း နိစ္စဓူဝ သွားလာနေကြရသူများအတွက်မှာမူ အိမ်တွင်းအောင်း နေ့ရက်ကြာလာသည်နှင့်အမျှ ပျင်းရိငြီးငွေ့ဖွယ် ဖြစ်လာသည်။ ထို့ကြောင့် အထက်ဖော်ပြပါ ဗြိတိန်သားပရော်ဖက်ရှင်နယ် လှံပစ်ကစားသမားဟောင်း ဂျိမ်းစ်ကမ့်ဘဲ ကိုနမူနာယူ၍ အိမ်ခြံဝင်းထဲ နံနက်တစ်ကြိမ် ညနေတစ်ကြိမ် ကိုယ်လက်လှုပ်ရှား ပြုစေချင်ပါသည်။ တိုက်ခန်းများဖြင့် နေထိုင်သူများက လှေကားထစ်များကို တက်ချီဆင်းချီပြုကာ သွေးပူလေ့ကျင့်ခန်း ပြုလုပ် နိုင်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ကြေညာချက်များအရ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ ကိုယ်လက် လှုပ်ရှားမှုချို့တဲ့ခြင်းကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ်လူဦးရေ နှစ်သန်းခန့်ရောဂါဖြစ်ကြပြီး ကိုယ်ခန္ဓာ မသန်စွမ်းခြင်းနှင့် သက်တမ်းမစေ့မီ သေဆုံးခြင်းများကို ရင်ဆိုင်နေကြရကြောင်း လေ့လာသိရှိရသည်။ ထို့ကြောင့် အရွယ် (၃) ပါးမရွေး ကိုယ်ဝန်ဆောင်များလည်း မိမိတစ်နိုင် ကိုယ်လက်လှုပ်ရှားမှု မဖြစ်မနေ လုပ်ပေးရပါမည်။ ကမ္ဘာ့အိုလံပစ်ပွဲတော် စတင်ပေါက်ဖွားရာ ဂရိနိုင်ငံ၏ ကမ်းခြေကျောက်သား ကမ်းပါးတစ်ခုပေါ်တွင် - • သင်ကျန်းမာချင်ပါသလား။ သင် - လမ်းလျှောက်ပါ။ • သင်ဉာဏ်ကောင်းချင်ပါသလား။ သင် - လမ်းလျှောက်ပါ။ • သင်လှချင်ပါသလား။ သင် - လမ်းလျှောက်ပါ။ ဟူသော စာကမ္ပည်းရေးထိုးထားကြောင်း လေ့လာသိရှိရသည်။ တတ်နိုင်သူများက အိမ်တွင်း လမ်းလျှောက်စက်၊ စက်ဘီးစီးစက်ရှိကြ၍ အဆင်ပြေနေသူများ ဖြစ်ကြသည်ဟု မတွေးသင့်ပေ။ မိမိတွင် ယင်းစက်များမရှိသော်လည်း အိမ်ထဲမှာပင် ပတ်၍ လမ်းလျှောက်ခြင်း၊ အိမ်ခြံဝန်းထဲ ခပ်သွက်သွက် လမ်းလျှောက်ခြင်း (သို့မဟုတ်) ပတ်ပြေးခြင်းပြုလုပ်နိုင်သည်။ တိုက်ခန်းနေသူ များအတွက် အားသာချက်မှာ လှေကားထစ်များ အတက်အဆင်း ပြုလုပ်နိုင်သည်။ ကျန်းမာသုတအနေဖြင့် မျှဝေလိုပါသည်။ အင်္ဂလိပ် အင်ဂျင်နီယာတစ်ဦးဖြစ်သူ William Cubitt ဆိုသူက ရာသီအချိန်ခါမရွေး လမ်းလျှောက်နိုင်ကြစေလိုသော ရည်ရွယ်ချက်ဖြင့် ၁၈၁၈ ခုနှစ်မှာ Treadmills (ခေါ်) ဆုံလည် ဒေါင်လိုက်ဘီးတပ်ထားသည့် လှေကားထစ်ပုံစံ လမ်းလျှောက်စက်ကို စတင်တီထွင်ပေးခဲ့သည်။ ယနေ့ အမေရိကန်ပြည်ထောင်စုအပါအဝင် တိုးတက်ခေတ်မီနေသော ကမ္ဘာ့နိုင်ငံကြီးများရှိ ဆေးရုံကြီးများတွင် လမ်းလျှောက်စက်များထားရှိကာ နာတာရှည် ဆီးချို၊ နှလုံးနှင့် အဆုတ်ဝေဒနာသည်များကို လမ်းလျှောက် စေသည့် လေ့ကျင့်ခန်းကုထုံးအဖြစ် အောင်မြင်စွာ ကုသလျက်ရှိနေကြသည်။ ယနေ့ကမ္ဘာတွင် COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် အနိစ္စရောက်သူအများစု၏ ရောဂါရာဇဝင်ကို လေ့လာကြည့်ရာ မူလကတည်းက နာတာရှည်ရောဂါ အခုအခံရှိသူများဖြစ်နေကြောင်း တွေ့ရသည်။ ထို့ကြောင့် အဆုတ်ကျန်းမာရေး မကောင်းသူများ၊ ကျောက်ကပ်မကောင်းသူများ၊ ဆီးချိုရောဂါရှိများ စသည့် နာတာရှည်ရောဂါရှိသူများက သာမန်လူထက်ပို၍ ကိုယ်လက်လှုပ်ရှားမှုပြုပေးသင့်သည်။ နိစ္စဓူဝလှုပ်ရှားမှုများကို လေ့ကျင့်ခန်းဆန်ဆန်ပြုမူ နေထိုင်သူများအနေဖြင့်လည်း နှလုံး အားကောင်းစေ ခြင်း၊ ကိုယ်အလေးချိန်ကျစေခြင်း၊ သွေးတိုးနှင့် လေဖြတ်ခြင်းမှ ကာကွယ်စေခြင်း၊ အဆုတ်ကောင်းစေခြင်း၊ ကုသရန်ခက်ခဲသော ရောဂါဝေဒနာဆိုးများမှ တားဆီးပေးခြင်း၊ ကြွက်သားများ ကျစ်လျစ်လာစေခြင်း၊ အဆီကျစေခြင်း၊ အရိုးသန်မာခြင်း၊ ဦးနှောက်ကို ကောင်းကျိုးပြုခြင်း၊ အရိုးပွရောဂါမှ ကာကွယ်ခြင်း၊ ခန္ဓာကိုယ်အချိုးအစားပြေပြစ်ခြင်း၊ အစာကျေညက်စေခြင်း၊ သွေးလည်ပတ်မှုအားကောင်း၍ ဖိုမကိစ္စ စွမ်းဆောင်ရည်မြင့်မားခြင်း၊ စိတ်ဖိစီးမှုပြေပျောက်ခြင်း၊ ကျန်းမာနုပျိုစေခြင်း စသည့် အကျိုးကျေးဇူး များစွာကို ခံစားရနိုင်ပေလိမ့်မည်။ အချုပ်အားဖြင့်ဆိုသော် မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများအနေဖြင့် ဟုမ်းစတေးကာလမှာ ပျင်းရိ ငြီးငွေ့စိတ်ဖြေဖျောက်ရန်နှင့် ကြုံလာသည့်အခြေအနေကို အကောင်းဆုံးအသုံးချသည့်အနေဖြင့် အတတ် နိုင်ဆုံး ကိုယ်လက်လှုပ်ရှားပြုကြပါ။ ခပ်သွက်သွက် လမ်းလျှောက်ကြပါ။ ခပ်ဖော့ဖော့ ပြေးကြပါ။ လှေကားထစ်များ အတက်၊ အဆင်းပြုလုပ်ကြပါရန် စာရေးသူမှ အကြံပြုလိုက်ရပါသည်။ ဟုမ်းစတေးကာလ စိတ်လက်ပေါ့ပါးစွာ ကျော်ဖြတ်ကြပါစို့လားရှင်။ (ပေါက်ပေါက်)






အခြားဆက်စပ်သတင်းများ