နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သေနေသည့်သားပေါက်ကို ၁၇ ရက်ကြာ သယ်ဆောင်ခဲ့သည့် ဝေလငါးအမ တစ်ကျော့ပြန် သန္ဓေတည်

ဝါရှင်တန်၊ ဇူလိုင် ၃၀


သေနေသည့် သားပေါက်ကို ၁၇ ရက်ကြာ တင်ဆောင်ပြီး မိုင် ၁၀၀၀ အကွာအဝေးကို ကူးခတ်ခဲ့ခြင်းကြောင့် နာမည်ကျော်ကြားခဲ့သည့် ဝေလငါးဘီလူး (Killer Whale)အမမှာ တစ်ဖန်ပြန်၍ သန္ဓေတည်နေပြီဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောသည်။ တောင်ပိုင်းဒေသတွင် ကျက်စားသည့် ဝေလငါးများကို မောင်းသူမဲ့ယာဉ်ဖြင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးချိန်တွင် ဝေလငါးအမက သားပေါက်ကို တင်ဆောင်၍ ၁၇ ရက်ကြာ ကူးခတ်ခဲ့ခြင်းကို ဝါရှင်တန်ပြည်နယ်ရှိ သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ခြင်းဖြစ်သည်။  ဝေလငါးဘီလူးများမှာ အသက်မရှိတော့သည့် သားပေါက်များကို တစ်ပတ်ကြာ သယ်ဆောင်လေ့ရှိကြသော်လည်း တာလီကွာ(Tahlequah)ဟု အမည်ရသည့် ဝေလငါးဘီလူးအမမှာ စံချိန်သစ်တင်ခဲ့သည်ဟု သိပ္ပံပညာရှင်များက ပြောသည်။

 

တာလီကွာမှာ ဝေလငါး ၇၂ ကောင် ပါဝင်သည့် အစုအဖွဲ့ ၃ ဖွဲ့တွင် ပါဝင်သည်။ အဆိုပါအစုအဖွဲ့ ၃ ဖွဲ့မှ ဝေလငါးဘီလူးများကို ကနေဒါနိုင်ငံ ဗန်ကူးဗားကျွန်း၏ တောင်ဘက်စွန်း ကမ်းလွန်ပိုင်းနှင့် အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်၏ ကုန်းတွင်းပိုင်း ရေပိုင်နက်တွင် မကြာခဏ တွေ့ရလေ့ရှိသည်။ ကနေဒါနှင့် အမေရိကန်နိုင်ငံ နှစ်နိုင်ငံလုံးက တောင်ပိုင်းဒေသတွင် ကျက်စားသည့် ဝေလငါးဘီလူးများကို မျိုးသုဉ်းပျောက်ကွယ်မည့် စာရင်းတွင် ထည့်သွင်းထားသည်။ ဝေလငါးဘီလူးများ သားပေါက်အရှင်မမွေးနိုင်ခြင်းမှာ အာဟာရချို့တဲ့မှု၊ ချီနုဆယ်လ်မွန်ငါးများကို မစားသုံးရခြင်း စသည့်အချက်များနှင့် ဆက်နွှယ်နေသည်ဟု ဝါရှင်တန်တက္ကသိုလ်၏ သုတေသနတစ်ရပ်တွင် ဖော်ပြထားသည်။ သိပ္ပံပညာရှင်များက လှေ၊ သင်္ဘောများအနေဖြင့် ဝေလငါးများနှင့် ခပ်ဝေးဝေးမှ ခုတ်မောင်းကြရန်နှင့် ယင်းတို့အတွက် နေရာလွတ်ပေးရန် သိပ္ပံပညာရှင်များက တိုက်တွန်းထားသည်။                                                                                                                                          

KNT






အခြားဆက်စပ်သတင်းများ