နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သြစတြေးလျနိုင်ငံရှိ တရုတ်ကျောင်းသူများကို ပစ်မှတ်ထားပြီး ပြန်ပေးဆွဲ ငွေညှစ်သည့် အရှုပ်တော်ပုံများ ဖြစ်ပွား

ဆစ်ဒနီ၊ ဇူလိုင် ၂၈


ဆစ်ဒနီမြို့တွင် ပညာသင်ကြားနေသည့် တရုတ်ကျောင်းသူများမှာ ပြန်ပေးဆွဲပြီး ငွေညှစ်သည့် အရှုပ်တော်ပုံတွင် ပစ်မှတ်ထားခံနေရကြောင်း သြစတြေးလျရဲတပ်ဖွဲ့က ပြောသည်။ ဖြစ်ရပ်တော်တော် များများတွင် အကျပ်ကိုင်ခံရသည့် ကျောင်းသားများက ပြန်ပေးဆွဲခံရသည့်ပုံစံ ဟန်ဆောင်ကြပြီး တရုတ်နိုင်ငံရှိ ဆွေမျိုးသားချင်းများထံမှ ငွေရစေရန် ဗီဒီယိုဖိုင်များ ပေးပို့လျက်ရှိသည်။ 


သြစတြေးလျဒေါ်လာ ၂ သန်း ပေးခဲ့ရသည့် ပြန်ပေးဆွဲသည့်ပုံစံ ဟန်ဆောင်မှုတစ်ခုအပါအဝင် ယခုနှစ် အတွင်း အလားတူဖြစ်ရပ် ၈ ခု ဖြစ်ပွားခဲ့သည်ဟု သတင်းများတွင် ဖော်ပြသည်။ အလိမ်ခံရသူများမှာ ယင်းတို့ ချစ်ရသူများ အန္တရာယ်ကြုံတွေ့နေရသည်ဟု ယုံကြည်ခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ယခုနှစ်အတွင်း ပြန်ပေးဆွဲဟန်ဆောင်သည့် လိမ်လည်မှုများ မြင့်တက်လာပြီး လုပ်ငန်းလုပ်နေသည့် အတိုင်းအတာမျိုးအထိ လှုပ်ရှားနေကြသည်ဟု နယူးဆောက်ဝေးလ်ပြည်နယ် ရဲတပ်ဖွဲ့က ပြောသည်။


ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ခြိမ်းခြောက်သည့် ဖုန်းခေါ်ဆိုမှုတစ်ခုခု လက်ခံရရှိပါက သတင်းပေးပို့ကြရန် တိုက်တွန်းထားသည်။ ဖုန်းဆက်သွယ်မှုများကို ကမ်းလွန်ပိုင်းမှ ဆောင်ရွက်နေခြင်းကြောင့် ခြေရာခံရန် ခက်ခဲသည်ဟု အာဏာပိုင်များက ဆိုသည်။ အဆိုပါလိမ်လည်မှုတွင် လိမ်လည်သူမှာ တရုတ်သံရုံး သို့မဟုတ် အခြားအာဏာပိုင်အဖွဲ့အစည်းတွင် ပါဝင်သူဟု ဟန်ဆောင်ပြီး ယင်းတို့၏သားကောင်များထံ ဖုန်းဆက်လေ့ရှိသည်။ ယင်းတို့အနေဖြင့် တရုတ်နိုင်ငံရှိ ရာဇဝတ်မှု သို့မဟုတ် အခြားခြိမ်းခြောက်မှုများ ရင်ဆိုင် နေရသည်ဟု တရုတ်စကားဖြင့် ပြောကြားလေ့ရှိပြီး အဖမ်းမခံရစေလိုပါက ငွေပေးရန်လိမ်လည်လေ့ရှိသည်။


KNT






အခြားဆက်စပ်သတင်းများ