ဇူလိုင် ၂၆၊ ပြုံယမ်း
မြောက်ကိုရီးယားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရဖွယ်ရှိသည့် ပထမဆုံး သံသယ လူနာတစ်ဦး တွေ့ရှိခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြသည်။ လွန်ခဲ့သည့် သုံးနှစ်က တောင်ကိုရီးယားနိုင်ငံသို့ ဝင်ရောက်ခိုလှုံခဲ့သူတစ်ဦးမှာ ပြီးခဲ့သည့်ရက်သတ္တပတ်က Covid-19 ရောဂါလက္ခဏာများဖြင့် နယ်စပ်မျဉ်းကို ဖြတ်ကျော်ပြီး မြောက်ကိုရီးယားနိုင်ငံအတွင်း ဝင်ရောက်ခဲ့ကြောင်း KCNA သတင်းဌာနက ဖော်ပြသည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ထိပ်တန်း ခေါင်းဆောင် များနှင့် အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ပြီး နယ်စပ်ဒေသရှိ ကေဆောင်မြို့ကို ပိတ်ဆို့ လိုက်သည်။
သတင်းဖြစ်စဉ်များကို လျှို့ဝှက်ထားတတ်သည့် မြောက်ကိုရီးယားနိုင်ငံမှာ အစောပိုင်းက Covid-19 လူနာမရှိဟု ပြောခဲ့ဖူးသည်။ သို့သော် အဆိုပါပြောကြားချက်မှာ ဖြစ်နိုင်ခြေမရှိဟု သုတေသီများက ဆိုသည်။ ပြီးခဲ့သည့်စနေနေ့က ကျင်းပခဲ့သည့် ပေါ်လစ်ဗျူရိုအစည်းအဝေးအတွင်း ခေါင်းဆောင် ကင်ဂျုံအန်က ဗိုင်းရပ်စ်ကို တားဆီးရန် အဆင့်မြင့်ဆုံး အရေးပေါ်စနစ်ကို ညွှန်ကြားခဲ့သည်။ သို့သော် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်ရေးကင်းမဲ့ဇုန်ကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်ခဲ့သူ မရှိကြောင်း တောင်ကိုရီးယားနိုင်ငံဘက်က ကြေညာခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံမှာ လွန်ခဲ့သည့်ခြောက်လတွင် ကမ္ဘာတစ်ဝန်း ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားခဲ့ချိန်ကတည်းက နယ်စပ်များကို ပိတ်ဆို့ခဲ့ပြီး လူထောင်ပေါင်းများစွာကို သီးသန့်ခွဲခြားခဲ့သည်။
Ref:BBC(KNT)