ဇူလိုင် ၂၆၊ ဝါရှင်တန်
တက္ကဆက်ပြည်နယ်တောင်ပိုင်းတွင် ဟာရီကိန်းမုန်တိုင်း ဟန်နာ ဝင်ရောက်တိုက်ခတ်မှုကြောင့် အသက်အန္တရာယ်ဖြစ်စေနိုင်သည့် မုန်တိုင်းလှိုင်းလုံးများ တိုက်ခတ်နိုင်ပြီး မိုးသက်လေပြင်း ကျရောက်နိုင်သည်ဟု အမေရိကန်အရာရှိများက သတိပေးထားသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် အရေးပေါ်ဝန်ဆောင်မှုလုပ်ငန်းများကို ရှုပ်ထွေးစေနိုင်သည်ဟုဆိုကာ တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက်အဘော့က စီရင်စု ၃၂ ခုတွင် ဘေးအန္တရာယ်ဆိုင်ရာ ကြေညာချက် ထုတ်ပြန်ထားသည်။ ဟန်နာမုန်တိုင်းမှာ ပြီးခဲ့သည့်စနေနေ့က ပါဒရီကျွန်းကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လက်ရှိအချိန်တွင် ကောပက်စ်ခရစ္စတီးနှင့် ဘရွန်စဗီးလ်မြို့ကြားဒေသတွင် တိုက်ခတ်လျက်ရှိသည်။ မုန်တိုင်းကြောင့် တစ်နာရီ မိုင် ၉၀ နှုန်းအထိ လေတိုက်နေပြီး နေအိမ်ခေါင်မိုးများ ကျွတ်ထွက်ခဲ့သည်။
ဟန်နာမုန်တိုင်းမှာ လက်ရှိအချိန်တွင် အဆင့်(၅)ဆင့်ပါ မုန်တိုင်းအဆင့် သတ်မှတ်ချက်အရ အနိမ့်ဆုံးအဆင့်ဖြစ်သည့် အဆင့်(၁) ဟာရီကိန်းမုန်တိုင်းအဖြစ် ရှိနေသည်။ သို့သော် ပို့တ်မန်ဖီးလ်မှ ဆာဂျင့်ဒေသအထိ တက္ကဆက်ပြည်နယ် ကမ်းရိုးတန်းတစ်လျှောက်တွင် အသက်အန္တရာယ် ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းလှိုင်းလုံးများ ဖြစ်ပေါ်လာနိုင်သည်ဟု အမျိုးသားဟာရီကိန်းစင်တာက သတိပေးထားပြီး ဒေသခံများအနေဖြင့် အရေးပေါ်ဝန်ဆောင်မှုအဖွဲ့များ၏ အကြံပေးချက်များကို လိုက်နာသင့်သည်ဟု တိုက်တွန်းထားသည်။ တက္ကဆက်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၃၈၀၀၀၀ ကျော် ရှိလာပြီး လူ ၅၀၀၀ နီးပါး သေဆုံးခဲ့သည်။
Ref:BBC(KNT)