ဇူလိုင် ၂၆၊ မက်ဒရစ်
ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်း ရိုက်ခတ်မည်ကို စိုးရိမ်ပူပန်ခြင်းကြောင့် စပိန်နိုင်ငံတွင် ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးစေနိုင်မည့် စည်းမျဉ်းသစ်များ ချမှတ်လျက်ရှိသည်။ ကာတာလန်ဒေသရှိ ညအချိန် လည်ပတ်စရာနေရာများကို ရက်သတ္တနှစ်ပတ်ကြာ ပိတ်ပစ်ခဲ့သည်။ သို့သော် ကာတာလန်ဒေသပြင်ပရှိ မြို့များတွင်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ မြင့်တက်နေဆဲဖြစ်သည်။ စပိန်နိုင်ငံမှ ပြန်လာသူအားလုံး မိမိတို့နေအိမ်တွင် အသွားအလာ ကန့်သတ်နေထိုင်ရမည်ဟု ဗြိတိန်နိုင်ငံက ကြေညာထားသည်။ နော်ဝေနိုင်ငံကလည်း အလားတူ စည်းမျဉ်းများ ထုတ်ပြန်ခဲ့ပြီး ပြင်သစ်နိုင်ငံက စပိန်နိုင်ငံသို့ မသွားကြရန် သတိပေးချက်ထုတ်ပြန်ထားသည်။
ပြင်သစ်နှင့် ဂျာမနီနိုင်ငံများတွင်လည်း ကိုရိုနာဗိုင်းရပ်စ် လူနာသစ်များ မြင့်တက်နေဆဲဖြစ်ရာ ကူးစက်ပျံ့နှံ့မှုသစ်များကို ရှောင်ရှားနိုင်စေရန်နှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်နိုင်စေရန် စသည့်ကိစ္စနှစ်ရပ်ကြား ဗျာများနေရသည်။ ဥရောပနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ်များ မြင့်တက်လာရာ ပြီးခဲ့သည့်နှစ်ရက်လုံးလုံး တစ်ရက်တာကူးစက်မှု စံချိန်သစ်အဖြစ် ကူးစက်ခံရသူ ၂၈၀၀၀၀ ဝန်းကျင် ရှိခဲ့သည်။ ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၅.၇ သန်းကျော်ရှိနေပြီး လူ ၆၄၀၀၀၀ ကျော် သေဆုံးခဲ့သည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်က ဖော်ပြထားသည်။ စပိန်နိုင်ငံမှာ လွန်ခဲ့သည့်တစ်လနီးပါးကမှ အရေးပေါ်အခြေအနေ ကြေညာမှုကို အဆုံးသတ်ခဲ့ရာ ဘာစီလိုနာ၊ ဇာရာဂိုဇာ၊ မက်ဒရစ်မြို့များအပါအဝင် အဓိကမြို့ကြီးများတွင် ရောဂါကူးစက်မှုသစ်များ မြင့်တက်လာခြင်းကြောင့် မကြာမီအချိန်အတွင်း ဒုတိယလှိုင်း ရိုက်ခတ်နိုင်သည်ဟု စပိန်အစိုးရက သတိပေးထားသည်။ ပြီးခဲ့သည့်သောကြာနေ့က စပိန်နိုင်ငံတွင် ရောဂါကူးစက်မှုသစ် ၉၀၀ ကျော် ရှိခဲ့ပြီး စပိန်ဒုတိယတန်း ဘောလုံးအသင်းဖြစ်သည့် ဖူအန်လာဘရာဒါအသင်းတွင် ရောဂါကူးစက်ခံရသူ ၂၈ ဦး ရှိခဲ့သည်။
Ref:BBC(KNT)