ကော့သောင်း ဇူလိုင် ၂၆
မြန်မာရွှေ့ပြောင်းအလုပ်သမား မိသားစုခြောက်ဦး ဇူလိုင် ၂၅ ရက်၊ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှ တစ်ဆင့်ကော့သောင်းမြို့သို့ ရေလမ်းခရီးမှပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
အဆိုပါမိသားစုများမှာ ကော့သောင်းမြို့ခံ အမျိုးသမီးကြီးသုံးဦးနှင့် ကျောင်းသူကလေးငယ်သုံးဦး ဖြစ်ပြီး COVID-19 ကာလမဖြစ်မီ အချိန်ကပြည်ပတွင်အလုပ်လုပ်ကိုင်နေသည့်ဆွေမျိုးများထံ အလည်အပတ် သွားရင်းCOVID-19 ထိန်းချုပ်မှုကာလအတွင်း ရနောင်းမြို့တွင် ပိတ်မိနေခဲ့ကြသူများဖြစ်ပြီး မြန်မာနိုင်ငံအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ပညာသင်ကြားနိုင်ရန် တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မတီ၏ ကြီးကြပ်ညှိနှိုင်းမှု၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံအလုပ်သမားသံရုံး၏ အကူအညီဖြင့် အုပ်ထိန်းသူများနှင့်အတူ ပြန်လည်ဝင်ရောက် လာကြသူများဖြစ်ကြောင်း သိရသည်။
ပြန်လည်ဝင်ရောက်လာသည့် မိသားစုဝင်များအား ကော့သောင်းခရိုင်နှင့်မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် NGO အဖွဲ့ အစည်းများက ရောဂါသံသယရှိသူများနှင့် ကူးစက်ခံရသူများပါဝင်လာခြင်း ရှိ၊ မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများ ပါဝင် လာခြင်းရှိမရှိ စစ်ဆေးလက်ခံခဲ့ကြပြီး ကော့သောင်း မြို့၌ Hotel Quarantine ၂၁ ရက် နှင့် Hotel Quarantine ခုနစ်ရက်ထားရှိစောင့်ကြည့်ကာ ယင်းတို့၏ Swab နမူနာများအား အမျိုးသားကျန်းမာရေးဌာနသို့ပေးပို့ပြီး ဓာတ်ခွဲစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးခါး