နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ညောင်လေးပင်မြို့နယ်တွင် ဖြန့်ဝေပေးထားသော စွမ်းအားမြှင့်မီးဖိုများ သုံးစွဲမှုအဆင်ပြေလျက်ရှိ

ညောင်လေးပင်  ဇူလိုင်   ၂၅

စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုဌာနတို့ပူးပေါင်းပြီး ကျေးရွာ များတွင် စွမ်းအားမြှင့်မီးဖိုများ  ဖြန့်ဖြူးပေးထားရာ သုံးစွဲမှုအဆင်ပြေလျက်ရှိကြောင်း မီးဖိုသုံးစွဲသူကျေးရွာ နေပြည်သူများ၏ပြောကြားချက်အရ သိရသည်။
အဆိုပါ မီးဖိုသုံးစွဲနေမှုအခြေအနေကို ဇူလိုင် ၂၅ ရက်၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ညောင်လေးပင် မြို့နယ် ဒလဆိပ်ကျေးရွာ၌ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်နှင့်ဝန်ထမ်းများက ဖြန့်ဝေ ပေးထားသော စွမ်းအားမြှင့်မီးဖိုများသုံးစွဲမှုရှိမရှိ၊ သုံးစွဲမှုစနစ် မှန်ကန်မှု ရှိ၊ မရှိနှင့် သုံးစွဲသူပြည်သူများအပေါ် အကျိုးသက်ရောက်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

စွမ်းအားမြှင့်မီးဖိုသုံးစွဲမှုနှင့်ပတ်သက်၍ ဒလဆိတ်ကျေးရွာနေသူ ဦးဌေးမြင့်က ''ဒီ မီးဖိုကသုံးရတာ အဆင်ပြေတယ်။ မီးခိုးထွက်နည်း တော့ မီးခိုးမှိုင်းတက်တာသက်သာတယ်၊ ထင်းလည်းကုန်ကျမှုနည်းတယ်၊ အရင်ကဆို ထင်းတစ်ခါတိုက်ရင် လှည်းငါးစီးလောက် တိုက်ရတာ။ အခု နှစ်စီးလောက် တိုက်ထားရုံနဲ့ အဆင် ပြေတယ်။

နောက်စိုက်ပျိုးရေးဦးစီးဌာနကလည်း သုံးစွဲရင်းပျက်စီးလာရင် ပြန်လဲပေးမယ်ဆိုတော့ ကျွန်တော်တို့ ကျေးရွာသူရွာသားတွေအတွက် အဆင်ပြေပါတယ်''ဟုပြောသည်။
အဆိုပါ စွမ်းအားမြှင့်မီးဖိုများ သုံးစွဲခြင်းဖြင့် ကျေးလက်ဒေသများတွင် လောင်စာထင်းသုံးစွဲမှု လျှော့ချ လာနိုင်စေရန်၊ သစ်တောပြုန်းတီးမှုကိုကာကွယ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ယခုနှစ် ဖေဖော်ဝါရီလက မြို့နယ်အတွင်းရှိ ကျေးရွာ ၂၈ရွာ၌ မီးဖို ၄၄၂ဝ ပထမအကြိမ် ဖြန့်ဖြူးပေးခဲ့ပြီး ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ကျေးရွာ ၂၈ ရွာ၌ မီးဖို ၄၄၂ဝ ဒုတိယအကြိမ်ဆက်လက် ဖြန့်ဖြူး ပေးသွားမည် ဖြစ်ကြောင်း စိုက်ပျိုး ရေးဦးစီးဌာန ညောင်လေးပင်မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်က ပြောသည်။

 အဆိုပါ စွမ်းအားမြှင့်မီးဖိုဖြန့်ဖြူးခြင်း စီမံကိန်းကာလမှာ ၇ နှစ်ဖြစ်ပြီး နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မွန်၊ ရှမ်းရှိ ခရိုင် ၂ဝ မှ မြို့နယ် ၉၂ မြို့နယ်တွင် မီးဖိုပေါင်း ၄ ဒသမ ၃၂သန်း ဖြန့် ဖြူး ပေးသွားမည်ဖြစ်ရာ စွမ်းအားမြှင့်မီးဖိုသုံးစွဲခြင်းဖြင့် ကာဗွန်ထုတ်လွှတ်မှုလျှော့ချနိုင်ခြင်းကြောင့် Carbon Credit အနေဖြင့် မီးဖိုတစ်ဖိုသုံးစွဲလျှင် အမေရိကန် ဒေါ်လာ တစ်ဒေါ်လာအား ကိုရီးယားရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုဌာနက ထည့်ဝင်ပေးမည်ဖြစ်ရာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၂ သန်းရရှိပြီး ရရှိလာသည့်ငွေများကိုလည်း ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေတစ်ရပ် ထူထောင်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။                                   

မိုးခါး






အခြားဆက်စပ်သတင်းများ