ဇူလိုင် ၂၅၊ ဝါရှင်တန်
အမေရိကန်နိုင်ငံတွင် တရုတ်အစိုးရ၏အေးဂျင့်အဖြစ် ဆောင်ရွက်ခဲ့ကြောင်း စင်ကာပူနိုင်ငံသားတစ်ဦးက ဝန်ခံခဲ့သည်။ ကျန်ဝေယိုမှာ အမေရိကန်နိုင်ငံတွင် နိုင်ငံရေးအကြံပေးအဖြစ် ဟန်ပြဆောင်ရွက်ပြီး တရုတ်ထောက်လှမ်းရေးအဖွဲ့အတွက် သတင်းအချက်အလက်များ စုဆောင်းရယူခဲ့ခြင်းကြောင့် စွဲချက်တင်ခံရခြင်းဖြစ်ကြောင်း အမေရိကန်အရာရှိများက ပြောသည်။ ဒစ်ဆင်ယိုဟုလည်း ခေါ်ဝေါ် သည့် အဆိုပါအမျိုးသားမှာ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်ကြားကာလအတွင်း တရုတ်အစိုးရ၏ တရားမဝင် အေးဂျင့်အဖြစ် အလုပ်လုပ်ခဲ့သည်ဟု ပြည်ထောင်စုတရားရုံးတွင် ဖြောင့်ချက်ပေးခဲ့ကြောင်း အမေရိကန် တရားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ယင်း၏ဖြောင့်ချက်တွင် လုံခြုံရေးတင်းကျပ်သည့်နေရာများကို ဖြတ်သန်းသွားလာခွင့်ရသည့် အမေရိကန်နိုင်ငံသားများကို ကင်းထောက်ပြီး အမှန်တကယ်မရှိသည့် ဖောက်သည်များအတွက် အစီရင်ခံစာများ ရေးသားခိုင်းခဲ့ကြောင်း ကျန်ဝေယိုက ဝန်ခံခဲ့သည်။
အမေရိကန်နိုင်ငံမှာ တရုတ်စစ်တပ်နှင့်ပတ်သက်ဆက်နွှယ်မှုကို ဖုံးကွယ်ထားခဲ့သည့် တရုတ်နိုင်ငံသူ သုတေသီတစ်ဦးကိုလည်း ထိန်းသိမ်းခဲ့သည်။ အမေရိကန်နှင့်တရုတ်နိုင်ငံကြား အပြန်အလှန် လက်တုံ့ ပြန်လျက်ရှိရာ ဟူစတန်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်သည့်လုပ်ရပ်နှင့်ပတ်သက်၍ တရုတ် အစိုးရကလည်း ချန်ဒူးမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ရန် ညွှန်ကြားခဲ့သည်။ တရုတ်နိုင်ငံက ဉာဏမူပိုင်ခွင့်များ ခိုးယူနေခြင်းကြောင့် ဟူစတန်မြို့ရှိ ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ခဲ့ခြင်းဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ပြောသည်။ သို့သော် အမေရိကန်နိုင်ငံ၏ လုပ်ရပ်မှာ တရုတ်နိုင်ငံအပေါ် ဆန့်ကျင်သည့် အလိမ်အညာလုပ်ဇာတ်အပေါ် အခြေခံထားခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်းဘင်က ပြောသည်။
Ref:BBC(KNT)