နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သစ္စာရှိမှုနှင့် အတွေ့အကြုံရှိမှုကို အဓိကထားပြီး ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ခဲ့ခြင်းဖြစ်ဟုဆို

ရန်ကုန် ဇူလိုင်  ၂၄


ကိုယ်စားလှယ်လောင်းများကိုရွေးချယ်ရာတွင် သစ္စာရှိမှုနှင့် အတွေ့အကြုံရှိမှုကို အဓိကထားပြီး ရွေးချယ်ခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင်များကို ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

''ဒါတွေက အရေးကြီးတယ်ဆိုတာကို သေသေချာချာသိရလို့ပါ။ ယုံကြည်ချက်အပေါ်မှာ သစ္စာရှိဖို့ဆိုတာ အင်မတန်အရေးကြီးပါတယ်။ ပါတီအတွေ့အကြုံ၊ လွှတ်တော်အတွေ့အကြုံ၊ အစိုးရအတွေ့အကြုံ၊ ဒီသုံးခု စလုံးကို ထည့်ပြီးစဉ်းစားရပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယခုကဲ့သို့ရွေးချယ်ရာတွင် အချို့က သစ္စာရှိမှုအပေါ်တွင်လည်း ပြောစရာမရှိ၊ အတွေ့အကြုံလည်းရှိ၊ အရည်အချင်းလည်းရှိသော်လည်း ကျန်းမာရေးအရ၊ အသက်အရွယ်အရ ဆက်လက်တာဝန်ထမ်းဆောင် နိုင်သော အခြေအနေမရှိသူများကိုဖြင့် ချန်ထားပစ်ခဲ့ရသည်ဟု ယင်းက ပြောသည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် အရွေးချယ်ခံရသည့် ကိုယ်စားလှယ်များသည်  နိုင်ငံ့တာဝန်ကို ကောင်းကောင်းမွန်မွန်ထမ်းဆောင်မည်ဟုမျှော်လင့်သည့်အပြင် ထမ်းဆောင်နိုင်အောင်လည်း အဖွဲ့ချုပ်မှ တတ်နိုင်သလောက် ပံ့ပိုးပေးသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၂၀  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလောင်းများ အမည်စာရင်းကို ဇူလိုင် ၂၃ ရက်၊ မွန်းလွဲပိုင်းက ထုတ်ပြန် ကြေညာခဲ့သည်။

ထုတ်ပြန်ချက်အရ အမျိုးသားလွှတ်တော်အတွက် ၁၆၂ ဦး၊ ပြည်သူ့လွှတ်တော်အတွက် ၃၁၉ ဦး၊ တိုင်းနှင့် ပြည်နယ်လွှတ်တော်အတွက် ၆၂၂ ဦး၊ တိုင်းရင်းသားလူမျိုးလွှတ်တော်အတွက် ၂၉ ဦး၊ စုစုပေါင်း ၁၁၃၂ ဦး     ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ