ရန်ကုန် ဇူလိုင် ၂၄
အာရှဘောလုံးအဖွဲ့ချုပ် AFC အလုပ်အမှုဆောင်အစည်းအဝေးအား Video Conference ဖြင့် ဇူလိုင် ၂၃ ရက်၊ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် AFC ဥက္ကဋ္ဌ ရှိတ်ဆာလ်မန်၊ AFC ဒုတိယဥက္ကဋ္ဌ ဦးဇော်ဇော်(မြန်မာ)နှင့် ကာတာ၊ အီရန်၊ မွန်ဂိုလီးယား၊ ပါကစ္စတန်တို့မှ ဒုတိယဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် AFC အထွေထွေ အတွင်းရေးမှူးတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
AFC ဥက္ကဋ္ဌက COVID-19 ကာလအတွင်း AFC အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးအား Video Conference ဖြင့် ကျင်းပပြုလုပ်ခြင်းနှင့်စပ်လျဉ်း၍ တက်ရောက်ဆွေးနွေးသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း အဖွင့်အမှာစကားပြောကြားပြီးနောက် ပြီးခဲ့သည့် အစည်းအဝေးမှ အတည်ပြုရမည့်ကဏ္ဍများအား ဆွေးနွေး အတည်ပြုခဲ့ကြသည်။
ယင်းနောက် အစီအစဉ်အတိုင်း အာရှဘောလုံးအဖွဲ့ချုပ်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ ဘဏ္ဏာရေးနှင့် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ၊ ဥပဒေရေးရာနှင့် စာရင်းစစ်ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီးနောက် တက်ရောက်သူများ၏ အတည်ပြုချက်များ ရယူခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
(သူရိန်)