ရန်ကုန် ဇူလိုင် ၂၄
ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာမှ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသည့် တောင်သူ လယ်သမားကိုယ်စားပြု တစ်သီးပုဂ္ဂလကိုယ်စားလှယ် ဒေါ်စုစုနွေးအနေဖြင့် အခြားနေရာမှ ပြောင်းလဲယှဉ်ပြိုင် သွားမည်ဟု ပြောသည်။
မူလက ကော့မှူးမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ဝင်ရောက်မယှဉ်ပြိုင်တော့ဘူးဟု ကြားသိ ရသည့်အတွက် ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာမှ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်ဟု ဒေါ်စုစုနွေးက ပြောသည်။
''အန်တီပြိုင်မယ့်နေရာကို ထိပ်တိုက်တော့မပြိုင်ဘူး။ အန်တီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာကို ပြိုင်မယ်ဆိုရင်တော့ အခြားနေရာအတွက် ပြောင်းလဲပြီးပြိုင်ပါမယ်။ မြို့နယ်ကတော့ ပြောင်းဖို့အစီအစဉ်မရှိပါဘူး" ဟု ဒေါ်စုစုနွေးက ပြောသည်။
ယခုကဲ့သို့ နေရာပြောင်းလဲယှဉ်ပြိုင်မည်ဆိုသော်လည်း မည်သည့်နေရာမှ ပြိုင်မလဲဆိုသည်ကို ဇူလိုင် ၂၇ ရက်တွင်ကျင်းပမည့် မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ၏ (၈)နှစ်မြောက်နှစ်ပတ်လည်နေ့ကျမှ ဆုံးဖြတ်ချက် ချသွားမည်ဖြစ်သည်ဟု ယင်းက ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ်မှနေ၍ ပြည်သူ့လွှတ်တော် နေရာအတွက် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်ဟု NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က ဇူလိုင် ၂၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)အနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ် စုစုပေါင်း ၁၁၃၂ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ယင်း ၁၁၃၂ ဦးတွင် တောင်သူလယ်သမားကိုယ်စားလှယ် ၁၂ ရာခိုင်နှုန်း ပါဝင်သည်ဟု သိရသည်။
ကျော်စိုးသူ(City News)