နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခါသင်္ကြန် မြန်မာ့ရိုးရာအစားအစာများနှင့် အာဟာရ

ဧပြီ ၁၂ ဧပြီလရောက်တာနဲ့ သင်္ကြန်အငွေ့အသက်ကို ရရှိလာပါပြီ။ ယခုနှစ် မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်မှာတော့ COVID-19 ကူးစက်ပျံ့နှံ့ခြင်းမှ ကာကွယ်သည့်အနေဖြင့် မြန်မာတစ်ပြည်လုံး ၁၀-၄-၂၀၂၀ မှ ၁၉-၄-၂၀၂၀ ရက်နေ့အထိ Home Stay ပြုလုပ်ရာ သင်္ကြန်ရေကစားခြင်းကို တစ်နှစ်နားရပါမယ်။ သို့သော် ချစ်ခင်ရတဲ့မိသားစုများနှင့်အတူ ခါသင်္ကြန်မြန်မာ့ရိုးရာ အစားအစာလေးတွေ တစ်နေ့တစ်မျိုး လုပ်စားနိုင်ပါတယ်။ ဝါသနာပါသူများကလည်း အစဉ်လာမပျက် မိမိနေအိမ်တွင် သင်္ကြန်အစားအစာလေးများကို ပြုလုပ်၍ အိမ်နီးချင်းမိတ်ဆွေများကို ဝေငှလှူမျှကြတာကလည်း အရိုးပေါ်အရွက်မဖုံးတဲ့ ချစ်စရာ့ဓလေ့ဖြစ်ပါတယ်။ ပေးလှူသူအတွက်ရော၊ လက်ခံစားသုံးသူအတွက်ပါ ကျန်းမာသုတရကြပါစေကြောင်း သင်္ကြန်အစာနှင့် အာဟာရတန်ဖိုးလေးတွေကို အောက်ပါအတိုင်း အကြံပြုလိုက်ပါရစေ- သင်္ကြန်ထမင်းနှင့် အာဟာရ နေရာဒေသပေါ်မူတည်ပြီး သင်္ကြန်ထမင်းကို မြန်မာသင်္ကြန်ထမင်းနှင့် မွန်ရိုးရာသင်္ကြန်ထမင်းဟူ၍ ကျွေးမွေးဧည့်ခံတတ်ကြပါတယ်။ မြန်မာရိုးရာဖြစ်စေ၊ မွန်ရိုးရာဖြစ်စေ သင်္ကြန်ထမင်းအတွက် တွဲဖက်စားသုံး လေ့ရှိတဲ့ ဟင်းလျာများကတော့ ငါးခြောက်ထောင်းကြော်၊ ငရုတ်သီးကြော်၊ ပဲကြီးဆူးပုပ်၊ သရက်သီးသုပ် တို့ဖြစ်ကြပါတယ်။ ညီနောင်နွယ်ဖွား မွန်တိုင်းရင်းသားများ၏ သင်္ကြန်ထမင်းက ပူပြင်းတဲ့ရာသီမှာ အေးမြပါစေကြောင်း အလို့ငှာ ထမင်းထဲသို့ ဖယောင်းရေအေးဆမ်း၍စားကြတာပါ။ မွန်သင်္ကြန်ထမင်းရဲ့ ထူးခြားချက်မှာ၊ ထမင်းပုံစံလှပစေဖို့အတွက် ဆန်ကောင်းကောင်းကိုသာ ရွေးချယ်ရပြီး ဆန့်စေ့များကျက်ပြီး ရှည်ထွက် လာတဲ့အခါမှတော့ ဆန်ခါထဲသွန်ချပြီး ရေအေးဖြင့် (၃)ကြိမ်ခန့်ဆေးကြောရပါတယ်။ ထမင်းတွေကို ဆန်ကာစစ်ထားပြီးနောက် ဖယောင်းသင်းရေဖြင့် ဆမ်း၍စားခြင်းဖြစ်ပါတယ်။ မွန်လူမျိုးတို့ဟာ သင်္ကြန်ကာလမှာ ပျားဖယောင်းကို အသုံးပြုလေ့ရှိကြပြီး နံ့သာအဖြစ် နံ့သာဖြူမှုန့် အနည်းငယ်ထည့်၍ ဖယောင်းနံ့သာရည်ကို ပြုလုပ်လေ့ရှိကြပါတယ်။ သင်္ကြန်ထမင်းမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းနှင့် ဗီတာမင်အုပ်စုတို့ ဖြစ်ကြပါတယ်။ ငါးခြောက်ထောင်းကြော်အတွက်ကိုတော့ အသားများပြီး ပရိုတင်းဓာတ်ကြွယ်ဝတဲ့ ကံ့ကူရံ (သို့မဟုတ်) ငါးကွမ်းရှပ်ငါးခြောက်တို့ကိုသုံးလေ့ရှိပြီး ယင်းငါးခြောက်ကြော်ကနေ ပရိုတင်း၊ ကယ်လိုရီ နှင့် ဖော့စ်ဖရပ်စ်တို့ကို ရရှိနိုင်ပါတယ်။ ပဲကြီးမှ ပရိုတင်းအာဟာရဓာတ်ကို ရရှိစေမှာဖြစ်သလို ဆူးပုပ်ရွက်ကလည်း အစာမကြေလေနာရောဂါ များအတွက် ကောင်းမွန်တဲ့ဆေးတစ်လက်ဖြစ်ပါတယ်။ ဒါ့အပြင် ဆူးပုပ်ရွက်က ချောင်းဆိုးရောဂါကို ပျောက်ကင်းစေတာကြောင့် သင်္ကြန်ထမင်းစားပေးခြင်းဖြင့် အပူရှပ် (သို့မဟုတ်) အအေးမိ၍ ဖျားနာ ချောင်းဆိုးခြင်းကို ကြိုတင်ကာကွယ်ရာရောက်ပါတယ်။ ငရုတ်သီးကြော်စပ်စပ်ကလေးက ခန္ဓာကိုယ်အတွက် နွေးထွေးမှုပေးစွမ်းနိုင်သလို အမျှင်ဓာတ်ကြွယ်ဝ သလောက် ဗီတာမင်စီဓာတ်အမြောက်အမြားပါရှိတဲ့ သရက်သီးစိမ်းသုပ်ဖြင့် ဝန်းရံလိုက်တဲ့အခါမှာတော့ တစ်နှစ်မှ တစ်ရာသီသာစားကြရမယ့် ချဉ်ငန်စပ်သင်္ကြန်ထမင်းလေးက မမေ့နိုင်စရာပါဘဲ။ မုန့်လက်ဆောင်း အသင့်လုပ်ထားတဲ့ မုန့်လက်ဆောင်းဖတ်တွေကို ဈေးထဲမှ အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်။ မုန့်လက်ဆောင်း အာဟာရဟာပြုလုပ်ရတာ ကရိကထမများသလို ငွေကုန်ကြေးကျလည်း သက်သာ တာကြောင့် မုန့်လက်ဆောင်းကို သင်္ကြန်မဏ္ဍပ်တိုင်းလိုလိုမှာ တိုက်ကျွေးဧည့်ခံလေ့ရှိကြပါတယ်။ မုန့်လက်ဆောင်းတစ်ခွက်ထဲမှာ သကြား၊ ထန်းလျက်ရည် (သို့မဟုတ်) အုန်းနို့ရည်၊ ဆားအနည်းငယ် တို့ဖြင့် အရသာရှိရှိဖျော်စပ်ထားလေ့ရှိပါတယ်။ မုန့်လက်ဆောင်းဖတ်ကို ဆန်ဖြင့်ပြုလုပ်ထားတာကြောင့် ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းနှင့် ဗီတာမင်အုပ်စုတွေ ပါဝင်ကြပါတယ်။ အုန်းနို့ရည်မှ ကယ်လိုရီအပြည့်ရရှိစေတဲ့အပြင် ပရိုတင်း၊ ပြည့်ဝဆီနဲ့ ကာဗိုဟိုက်ဒရိတ်တွေ ပါရှိနေတာကြောင့်လည်း အထူးသဖြင့် ဆယ်ကျော်သက်လူငယ်လူရွယ်များအတွက် ခွန်အားဖြည့်ပေး နိုင်ပါတယ်။ အပူကန်၍ လည်ချောင်းနာခြင်း၊ အပူရှပ်ခြင်း၊ အဆုပ်အအေးမိခြင်းတို့အတွက် ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝသော ထန်းလျက်က ကောင်းကျိုးပြုပေးနိုင်ပါတယ်။ ဒါ့အပြင် ထန်းလျက်က အဆိပ်အတောက်ကိုပြေစေပြီး အဆုပ်သန့်စေတာကြောင့်လည်း COVID-19 ကာလ ထန်းလျက်ရည်မုန့်လက်ဆောင်းကို များများသောက်ပေးသင့်ပါတယ်။ ထို့အပြင် ယမကာမှီဝဲသူများ အတွက်ကိုလည်း ထန်းလျက်ကအဆိပ်အတောက်ပြေစေပါတယ်။ ရွှေရင်အေး သူ့အမည်လေးက အတိတ်နမိတ်ကောင်းစေတာကြောင့် “ရွှေရင်အေး” အာဟာရကို ခါသင်္ကြန် အထိမ်းအမှတ်အဖြစ် ဒါနပြုလေ့ရှိကြပါတယ်။ ရွှေရင်အေးတစ်ခွက်ရဖို့အတွက် သာကူ၊ မုန့်လက်ဆောင်း၊ ကျောက်ကျော၊ ကောက်ညှင်းပေါင်း၊ ပေါင်မုန့်၊ သကြား၊ အုန်းနို့တို့ဖြင့် ချိုဆိမ့်တဲ့အရသာလေးမို့ ကလေးလူကြီးအားလုံး ကြိုက်နှစ်သက်ကြပါတယ်။ ယင်းအရောအနှောမျိုးစုံပါတဲ့ တစ်ပန်းကန်စာ ရွှေရင်အေးထဲမှ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ဗီတာမင် အုပ်စု၊ ပြည့်ဝဆီ၊ ဗီတာမင်၊ စီလီနီယမ်အပါအဝင် သတ္တုဓာတ်အမျိုးမျိုး၊ အမျှင်ဓာတ်၊ မဂ္ဂနီးစ်၊ ကော့ပါး၊ သံဓာတ်၊ ဇင့်ဓာတ်၊ ကစီဓာတ်တို့ကို တစ်ပြိုင်နက်တည်း ရရှိစေမှာဖြစ်ပါတယ်။ ချိုမွှေးအေးအရသာလေးမို့လည်း ရေရင်အေးတစ်ခွက်စားပြီးတဲ့အခါ ခွန်အားပြည့်လန်းဆန်းစေတော့မှာ အမှန်ပါ။ မုန့်လုံးရေပေါ် သင်္ကြန်မုန့်တွေထဲမှာ မပါမဖြစ် မုန့်လုံးရေပေါ်ပါ (မြန်မာအယူအဆအရ “တိမ်မြုပ်နေတဲ့ ကံကို ကောင်းမွန်ပေါက်ရောက်စေဖို့” ဟူသော အကျိုးအလို့ငှာ မုန့်လုံးရေပေါ်ကို သင်္ကြန်တွင်းသာမက သင်္ကြန်မဟုတ်တဲ့ အချိန်မှာလည်း လှူဒါန်းကြပါတယ်) မုန့်လုံးရေပေါ်ကို ခါသင်္ကြန်အတွင်းမှာ လူအများကြီးနဲ့ ပျော်ပျော်ပါးပါးလုံးကြရင်း အိမ်နီးနားချင်းတွေကို ဝေငှကြရတာ ချစ်စရာ့မြန်မာ့ဓလေ့ပါ။ ထန်းလျက်လုံးထည့်ထားတဲ့ မုန့်လုံးရေပေါ်က ချိုဆိမ့်ပြီး သူ့အပေါ်ကဖြူးထားတဲ့ အုန်းသီးခြစ်အရသာ ကြောင့် ပိုမိုကောင်းမွန်တဲ့ အာဟာရဖြစ်သွားပါတယ်။ ကောက်ညှင်းမှုန့်ဖြင့် ပြုလုပ်ထား၍ ဝါးရတာခပ်စေးစေးဖြင့် လျှောခနဲ လျှောခနဲ ဝင်သွားတာကြောင့် သင့်ဝမ်းဗိုက်ကြီး ဖောင်းစူလာမှာကြောက်ရင်တော့ သင့်လက်ကို ဘရိတ်အုပ်ထားဖို့လိုပါမယ်။ မုန့်လုံးရေပေါ် စားခြင်းဖြင့် ရွှေရင်အေးထက်မနိမ့်သော အာဟာရတန်ဖိုးတွေကို ရစေမှာဖြစ်ပါတယ်။ အကယ်၍ မုန့်လုံးရေပေါ်ထဲမှာ မတော်တဆပါလာတဲ့ ငရုတ်သီးစိမ်းတောင့် ဝါးမိခဲ့ရင် ကံဆိုးသူမောင်ရှင် လို့မယူဆဘဲ Capsaicin, Capsanthin နှင့် Capsorubin စတဲ့ အယ်လ်ကာလီ ဓာတ်ပေါင်းစုတွေ ရရှိစေ တာကြောင့် ဦးနှောက်ကိုတက်ကြွလန်းဆန်းစေတယ်လို့ အကောင်းမြင်ဘက်ကရှုပါလေ။ ပေါင်မုန့်အုန်းနို့ဆမ်း ပေါင်မုန့်ပေါ်ကို သကြားရည်ဖြင့် အုန်းနို့ရည်ဆမ်းထားတာကြောင့် ချိုဆိမ့်အရသာ ပေါင်မုန့်အုန်းနို့ဆမ်း လေးကို ကလေးလူကြီးအားလုံး ခံတွင်းတွေ့ကြပါတယ်။ ဆာလောင်မွတ်သိပ်မှုကို ပေါင်မုန့်အုန်းနို့ဆမ်း တစ်ပန်းကန်က အချိန်တိုတွင်းမှာပင် အလွယ်တကူဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါတာကြောင့်လည်း စားပြီးတဲ့နောက်မှာ မိမိကိုယ်ကိုအားပြည့်သွားသလို ခံစားစေပါလိမ့်မယ်။ စာဖတ်ချစ်ပရိတ်သတ်ကြီးကို အကြံပြုလိုတာကတော့ အယ်လ်နီညို၏ ဘေးထွက်ဆိုးကျိုးအဖြစ် တစ်နှစ်ထက်တစ်နှစ် အပူရှိန်မြင့်မားလာတာကြောင့် ခန္ဓာကိုယ်အတွင်း အပူငြိမ်းအေးစေမယ့် အအေးစာလေး များဖြစ်ကြတဲ့ ဖရဲ၊ သခွား၊ ပူဒီနာရွက်၊ မုန်လာဥအဖြူ၊ နှမ်း၊ စမုန်စပါး၊ အုန်းစိမ်းရည်၊ သလဲသီး၊ ဘိန်းစေ့၊ ပဲနံ့သာပင်အစေ့၊ နွားနို့၊ သံပရာရည် စသည်တို့ကိုလည်း သင်္ကြန်မတိုင်မီကတည်းကစ၍ မိုးလယ်ကာလအထိ မကြာခဏ စားသောက်ပေးသင့်ပါတယ်။ စာဖတ်ချစ်ပရိတ်သတ်များအားလုံး ဘေးဘယာကင်းဝေးကြပါစေကြောင်း၊ COVID-19 ဘေးအန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း၊ ပျော်ရွှင်ဖွယ်ရက်မြတ်သင်္ကြန်ကို ဖြတ်သန်းပြီး နှစ်ဆန်းတစ်ရက်နေ့မှစ၍ စိတ်သစ်လူသစ်အားမာန်သစ်တွေဖြင့် မြန်မာနှစ်သစ်ကူးကို ကြိုဆိုနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ရှင်။ ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ