ရန်ကုန် ဇူလိုင် ၂၃
Mundipharma ကုမ္ပဏီမှ ယင်း၏ ဘီတာဒိုင်းပိုးသတ်ဆေးထုတ်ကုန်များတွင် COVID-19 ရောဂါ ဖြစ်စေနိုင်သော နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကို သေစေနိုင်သည့် အာနိသင်ရှိကြောင်း စင်ကာပူနိုင်ငံရှိ Duke-NUS Medical School တွင် ပြုလုပ်ခဲ့သော ဓာတ်ခွဲခန်းစစ်ဆေးမှုအရ အတည်ပြု နိုင်ခဲ့ပြီဟု ယနေ့ထုတ်ပြန်ချက်အရသိရသည်။
ဘီတာဒိုင်း ထုတ်ကုန်ပစ္စည်းများကို Mundipharma ကုမ္ပဏီမှထုတ်လုပ်ပြီး မြန်မာနိုင်ငံတွင် MEGA LIFESCIENCES မှ တရားဝင် တင်သွင်းဖြန့်ချိလျက်ရှိသည်။ ဓာတ်ခွဲစမ်းသပ်ချက်များအရ ဘီတာဒိုင်းသည် SARS-CoV-2 ဗိုင်းရပ်စ်ကို စက္ကန့် ၃၀ အတွင်း ၉၉ ဒသမ ၉၉ ရာခိုင်နှုန်း သေစေနိုင်ကြောင်း တွေ့ရှိခဲ့သည်။
ထိုစစ်ဆေးခဲ့သော ဘီတာဒိုင်း ပိုးသတ်ဆေးထုတ်ကုန်များမှာ ဘီတာဒိုင်းပိုးသတ်ဆေးရည် (ပိုဘီဒုန်း-အိုင်အိုဒင်း ၁၀ ရာခိုင်နှုန်း)၊ ဘီတာဒိုင်း သန့်စင်ဆေးရည် (ပိုဘီဒုန်း-အိုင်အိုဒင်း ၇ ဒသမ ၅ ရာခိုင်နှုန်း)၊ ဘီတာဒိုင်း အာလုပ်ကျင်းဆေးနှင့် ခံတွင်းသန့်ဆေးရည် (ပိုဘီဒုန်း-အိုင်အိုဒင်း ၁ ရာခိုင်နှုန်း)၊ ဘီတာဒိုင်း လည်ချောင်းနာသက်သာဖျန်းဆေး (ပိုဘီဒုန်း-အိုင်အိုဒင်း ဝ ဒသမ ၄၅ ရာခိုင်နှုန်း)တို့ဖြစ်သည်။
အဆိုပါ တွေ့ရှိချက်ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၈ ရက်နေ့က နာမည်ကြီးမားသော ကူးစက်ရောဂါနှင့် ကုထုံးစာစောင် (Infectious Disease and Therapy Journal) တွင် ဖော်ပြခံခဲ့ရပြီးဖြစ်သည်။
“ဒီလေ့လာတွေ့ရှိချက်တွေက COVID-19 အပါအဝင် ကူးစက်ရောဂါတွေ ပျံ့နှံ့ဖြစ်ပွားမှုကို လျှော့ချရာမှာ PPE လိုမျိုး ကာကွယ်ရေးအစီအမံတွေအပြင် ဘီတာဒိုင်းပိုးသတ်ဆေးထုတ်ကုန်တွေကိုပါ သင့်တော်သလို ထိရောက်စွာ တွဲဖက်သုံးနိုင်တယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ယူဆချက်ကို အတည်ပြုပေးလိုက်တာပါ”ဟု Mundipharma ကုမ္ပဏီ CEO ဖြစ်သူ Raman Singh က ပြောသည်။
AMH(မြို့တော်သတင်း)