ရန်ကုန် ဇူလိုင် ၂၃
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)အနေနှင့် ယခုကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက် ကာလအတွင်း မြန်မာနိုင်ငံ၊ ရန်ကုန်မြို့နှင့် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့အကြား ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ်(Relief Flight)များကို ဇူလိုင် ၃၁ ရက်တွင် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-ဖနွမ်ပင်၊ ဖနွမ်ပင်-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များ ပျံသန်းပြေးဆွဲရန် စီစဉ် ထားခြင်းဖြစ်ပြီး မိမိတို့နေရပ်သို့ပြန်လိုကြသော မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများအတွက် အဆင်ပြေ စေရန်ရည်ရွယ်ချက်ဖြင့် အဆိုပါကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်(Relief Flight)များကို ပျံသန်းပြေးဆွဲရန် စီစဉ်ခြင်းဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုသို့ ပျံသန်းပြေးဆွဲရာတွင် ရန်ကုန်-ဖနွမ်ပင် Relief Flight သည် ဇူလိုင် ၃၁ ရက်၊ နံနက် ၅ နာရီ ၄၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာမည်ဖြစ်ပြီး ဖနွမ်ပင်-ရန်ကုန် Relief Flight မှာလည်း ဇူလိုင် ၃၁ ရက်၊ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့မှ စတင်ထွက်ခွာမည်ဖြစ်ကြောင်း၊ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များ ဖြစ်မြောက်ရေးအတွက် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)နှင့်အတူ ဖနွမ်ပင်မြို့ရှိ မြန်မာသံရုံးနှင့် ရန်ကုန်မြို့ရှိ ကမ္ဘောဒီးယားသံရုံး တို့မှလည်း ပူးပေါင်းကူညီဆောင်ရွက်ကြကြောင်း သိရသည်။
ထို Relief Flight ခရီးစဉ်များတွင် သက်ဆိုင်ရာအာဏာပိုင်များက စစ်ဆေးဆောင်ရွက်ပြီး ခွင့်ပြုသူ များကိုသာ ကန့်သတ်ထားသော ခရီးသည်အရေအတွက်အတိုင်း လိုက်ပါစီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း၊ ထို့အပြင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI)မှ ထပ်မံပြေးဆွဲပေးမည့် ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ်များအတွက်လည်း သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ အတည်ပြုချက်များရရှိပါက ထပ်မံအသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
(ဆောင်းဦး)